နေပြည်တော် ၁၆ ဒီဇင်ဘာ
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို “စံသတ်မှတ်ထုတ်ပိုးမှုပုံစံ” ဖြင့်သာ ထုတ်ပိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်ခြင်း အပါအဝင် ကဏ္ဍအသီးသီးတွင် ထိခိုက်ဆုံးရှုံးမှုများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသောကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲသည် အရေးကြီးကြောင်း၊ အချက်အလက်များအရ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေဆုံးမှုများဖြစ်ပွားနေကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော WHO STEPS survey အရ ပါဝင်ဖြေဆိုသူများ၏ ၉၄ ရာခိုင်နှုန်းတွင် မကူးစက်တတ်သော ရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရာ တစ်ရပ်ရှိနေပြိီး ၁၉ ဒသမ ၆ ရာခိုင်နှုန်းတွင် မကူးစက်တတ်သော ရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရာ (၃)ရပ်မှ (၅)ရပ်အထိ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါက လာမည့် ၅ နှစ်တာ ကာလခန့်အတွင်း ထိန်းချုပ်ရန် အလွန်ခက်ခဲသော ပြည်သူ့ကျန်းမာရေး ပြဿနာကြီး ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးမှုကြီးများ ဖြစ်လာမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ မြန်မာနိုင်ငံသို့ တင်သွင်းသော၊ ထုတ်လုပ်ရောင်းချသော ဆေးလိပ်ဘူးခွံများကို သတ်မှတ်ချက်များနှင့်အညီ “စံသတ်မှတ်ထုတ်ပိုးမှုပုံစံ”ဖြင့်သာ ထုတ်ပိုးရန်လုပ်ငန်း များသည် ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှု လုပ်ငန်းများတွင် အဓိကကျသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ စံသတ်မှတ်ထုတ်ပိုးမှုပုံစံ ဆောင်ရွက်ရာတွင် ဥပဒေရေးရာများအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုချက်များ နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ဥပဒေစိုးမိုးမှုရှိရန် သက်ဆိုင်ရာ ဌာနများက မိမိတို့အခန်းကဏ္ဍအလိုက် တာဝန်ယူညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ထွက် ပေါ်လာသော အကြံပြုချက်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုကြောင့် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ အချက်အလက်များ နှင့်တကွ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဘောင်သဘော တူညီချက်အဖွဲ့မှ Technical officer Mr. Andrew Black က မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှုကြောင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးနေမှု၊ စံသတ်မှတ်ထုတ်ပိုးမှုပုံစံကို အသုံးပြု ခြင်းဖြင့် လူငယ်များတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စတင်အသုံးပြုမှုဆိုင်ရာ အမူအကျင့်များ သိသာထင်ရှားစွာလျော့ချနိုင်မှုနှင့် “စံသတ်မှတ်ထုတ်ပိုးမှုပုံစံ”တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ WHO FCTC နှင့် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများနှင့် အငြိမ်းစားပညာရှင်များက “စံသတ်မှတ် ထုတ်ပိုးမှုပုံစံ”နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
(သတင်းစဉ်)