နေပြည်တော် ၂၂ ဇူလိုင်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံသည်။
ရှေးဦးစွာ ခိုလုံလီရှောတိုင်းရင်းသားများ ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ သူရဲကောင်း မှတ်တမ်းဝင် သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်မြင့်က အလှူရှင်များကိုယ်စား လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်တွင် နိုင်ငံအကျိုးအတွက် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နေမှုများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့လှူဒါန်းမှုများသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
လှူဒါန်းမှု အခမ်းအနားတွင် ခိုလုံလီရှောတိုင်းရင်းသားများ ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ သူရဲကောင်းမှတ်တမ်းဝင် သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်မြင့်နှင့် ဇနီး သီရိသုဓမ္မသီင်္ဂီ ဒေါ်ဝင်းမြင့်က ကျပ် သိန်း (၁,၃၆၀) တန်ဖိုးရှိ ပိုးသတ်သန့်စဉ်ဆေးဖြန်းယာဉ်၊ ဆိုင်ကယ်၊ ပိုးသတ် ဆေးရည်နှင့် တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ တယ်လီနော မြန်မာက ကျပ်ငွေ (၆၄,၂၆၈,၅၇၂ ဒသမ ၆၆)၊ တယ်လီနောမြန်မာ သုံးစွဲသူမိဘပြည်သူများ၏ စာတိုတစ်စောင် အလှူငွေတစ်ထောင် အစီအစဉ်က ကျပ်ငွေ (၅,၇၃၁,၄၂၇ ဒသမ ၂၄)၊ Connell Bros.Co. (Singapore) Pte Ltd.(Myanmar Branch) က အမေရိကန်ဒေါ်လာ (၈,၀၀၀) တန်ဖိုးရှိ Hand sanitizer (၁,၀၀၀)၊ DOW Chemical (Myanmar) Ltd က အမေရိကန်ဒေါ်လာ (၈,၀၀၀) တန်ဖိုးရှိ Hand sanitizer (၁,၀၀၀)၊ မိဘဆွေမျိုးများ အမှူးထား၍ မောင်သျှိုင်းထက်အောင် (၂၂)နှစ်ပြည့် မွေးနေ့အလှူကျပ်ငွေ သိန်း (၁၀၀) နှင့် ကဏ္ဍ အသီးသီးရှိ ဆေးဝါးတက္ကသိုလ်ကျောင်းဆင်းများက (၄၃ ဒသမ ၁) သိန်းတို့အား လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးနှင့် အသင်းဝင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ ကျပ် (၃၄,၅၁၄,၂၀၀) တန်ဖိုးရှိ မြေပဲဆီနှင့် နေကြာဆီအမျိုးမျိုး (၁၀,၀၁၄) ဘူးအား လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


