ရန်ကုန်  ၆  ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၄ ရက် ညနေပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ Medical Skill, Simulation and Research Center ၌ ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂)မှ ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အရေးပေါ်ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အပူပိုင်းဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော COVID-19 Clinical Management အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးအချို့နှင့်တွေ့ဆုံ၍  ကိုဗစ်-၁၉ လူနာများ ကုသမှုကုထုံးဆိုင်ရာ၊ လူနာအဆင့် ခွဲခြားမည့်ပုံစံ၊ ရောဂါပျံ့နှံ့မှု ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးသည်။

 

ရှေးဦးစွာ COVID-19 Clinical Management အဖွဲ့၏ ကိုယ်စား ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဇော်လင်းအောင်က မွမ်းမံပြင်ဆင်ရေးဆွဲပြီးသည့် ကုထုံးလမ်းညွှန်ချက်များ၊ သတ်မှတ် ဆေးရုံ (designated hospital)များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ သက်သာပျောက်ကင်းပြီးနောက် ဆေးရုံဆင်းခွင့်ပေးရန် သတ်မှတ်ချက် (criteria) များ ရေးဆွဲချမှတ်ထားသည့် အခြေအနေများကို တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ COVID-19 ကုသရေးလုပ်ငန်းများကို ပြည်သူများ အကျိုးအတွက် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအား မှတ်တမ်းတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံအသီးသီးရှိ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သော တိုင်းဒေသကြီး/ ပြည်နယ် Clinical Management အဖွဲ့များဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုတင်ပြချက်များနှင့် ဆွေးနွေးချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ Clinical Management အဖွဲ့များထံသို့ အချိန်နှင့်တစ်ပြေးညီ ဝန်ကြီးဌာနမှ ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း။

 

ဤရောဂါသည် ရောဂါသစ်ဖြစ်သည်နှင့်အညီ ရောဂါ၏ ပြင်းထန်မှုအခြေအနေနှင့် ရောဂါ၏ ဖြစ်စဉ်ပြောင်းလဲမှု အခြေအနေတို့အပေါ် မူတည်၍ ကုထုံးများကိုလည်း လိုအပ်သလို ချိန်ဆကုသရမည်ဖြစ်ပါကြောင်း၊ အောင်မြင်သည့် ကုသချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ တိုင်းဒေသကြီး/ ပြည်နယ် Clinical Management အဖွဲ့များထံသို့ မျှဝေပေးသွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)အနေဖြင့် ဓာတ်ခွဲနမူနာ များကို အရေအတွက် ပိုမိုစစ်ဆေးသွားရန် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)မှလည်း ဓာတ်ခွဲစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့နီးကပ်ခဲ့သူများနှင့် သံသယ/ စောင့်ကြည့် လူနာများအားလုံးကိုရရှိသော ဓာတ်ခွဲပစ္စည်းများအပေါ်မူတည်၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်သူများကို စောစီးစွာသိရှိပြီး သီးခြားထားရှိကုသမှုပေးနိုင်ကာ ရောဂါဆက်လက်ပြန့်ပွားမှု မရှိတော့မည် ဖြစ်ပါကြောင်း။

 

ဆေးရုံကြီးများ၏ ပြင်ပလူနာဌာန (OPD) များတွင် အဖျားရောဂါလူနာများအတွက် သီးသန့်ပြင်ပလူနာဌာန (fever clinic) များကို စနစ်ကျဆောင်ရွက်ရန်၊ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားသူများကို ပိုမိုရှာဖွေဖော်ထုတ်နိုင်မည် သာမက ရောဂါကူးစက် ပြန့်ပွားမှုကိုလည်း ထိရောက်စွာ ဟန့်တားနိုင်မည်ဖြစ်ပါကြောင်း၊ ဤ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စဉ်တွင် အထူးကြပ်မတ် ကုသဆောင်များကို  အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းတို့ဖြင့် ရေရှည်ကာလတွင်လည်း မည်သည့်ရောဂါဖြင့် မဆိုတက်ရောက်မည့် လူနာများအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ကုသရေးပညာရှင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသော Clinical Management အဖွဲ့များ၏ တင်ပြမှုများအပေါ် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကိုလည်း အလေးထား စဉ်းစားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသော ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁)နှင့် ဆေးတက္ကသိုလ် (၂)တို့မှ ဆေးပညာ၊ အပူပိုင်းဆေးပညာ၊  မေ့ဆေးပညာ၊ အရေးပေါ်ဆေးပညာ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် ဆေးရုံအုပ်ကြီးများက ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းများကို resource mobilization ပြုလုပ်ရန်ကိစ္စ၊ ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြပ်ကုသခြင်းနှင့် လွှဲပြောင်းကုသခြင်းလုပ်ငန်းများအား ပုဂ္ဂလိကဆေးရုံများနှင့် ညှိနှိုင်းဆောင်ရွက်ရေးကိစ္စနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ရှိ Medical Skill, Simulation and Research Center သို့ သွားရောက်စဉ်တွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မည့် သူနာပြုသင်တန်းသား၊ သင်တန်းသူများအား တစ်ကိုယ်ရည်ရောဂါ ကာကွယ်ရေးဝတ်စုံ(PPE) စနစ်တကျ အသုံးပြုဝတ်ဆင်ခြင်း သင်ကြားမှုများပြုလုပ်နေသည်ကို ကြည့်ရှုသည်။ အလားတူ အခြားဝန်ထမ်းများကိုလည်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်