နေပြည်တော်   ၁၃    မတ်

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုပါဝင်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့အစည်းအဝေးကို တက်ရောက်လာကြသော မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအနေဖြင့် ဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သိရှိနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေ ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားမှုသတင်းများ ရရှိပြီး နောက် ဇန်နဝါရီ ၁ ရက်မှစတင်၍ လုပ်ဆောင်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါအား ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public health emergency of international concern) အဖြစ်သတ်မှတ် ကြေညာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်ရန်အချက် များကို တိုက်တွန်းပြောကြားခဲ့ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိုသို့ မကြေညာမီကတည်းက အဆိုပါ အချက်များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မိမိတို့နိုင်ငံ အပါအဝင် ရောဂါကူးစက်ပျံ့နှံ့မှု မရှိသေးသော နိုင်ငံများအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြုထားချက်များသည် ဝန်ကြီးဌာနမှ ဆောက်ရွက်နေသည့် လုပ်ငန်းများနှင့်ကိုက်ညီပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခု အထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာမတွေ့ရှိရသေးသော်လည်း လူနာတစ်ဦး ဝင်ရောက်လာပါက အခြားသူများထံကူးစက်ပြန့်ပွားကာ ရုတ်တရက် ရောဂါဖြစ်ပွားမှုများ များပြားလာနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ ပြည်သူတစ်ဦးတစ်ယောက်မျှ ရောဂါကူးစက် ဖြစ်ပွားမှုမရှိစေရန်နှင့် အသက်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြတ်သားစွာ ဆုံး ဖြတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံသို့ COVID-19 ရောဂါ သတင်းအချက်များကို ကွယ်ဝှက်ထားခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် စက်ပစ္စည်းကိရိ ယာများ ယခင်ကတည်းက ရှိပြီးဖြစ်၍ ရောဂါပိုးသစ်ကို စစ်ဆေးရန် Primers, Probes နှင့် Reagents များကို ဂျပန်၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံများထံမှ ပံ့ပိုးမှုကို လက်ခံရရှိခဲ့ပြီးနောက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ထိုသို့ စစ်ဆေးရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် အဖြေများ ကိုက်ညီတူညီခဲ့ပြီးဖြစ်သဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ပညာရှင်များက ကိုယ် တိုင်သီးခြားလွတ်လပ်စွာ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ဆေးရုံပိုင်းဆိုင်ရာ ကုသရေးလုပ်ငန်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း မွမ်းမံပြုစု ဖြန့်ဝေခဲ့ပါကြောင်း။

 

ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုအဆင့်ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း မှုအစည်းအဝေးများပြုလုပ်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ညှိနှိုင်း အစည်းအဝေးများပြုလုပ်၍ လည်းကောင်း၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ video conferencing များဖြင့် ချိတ်ဆက်၍လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ရှုထောင့်ပေါင်းစုံမှု ဆွေးနွေးသုံးသပ်မှုများ ပြုလုပ် ဆောင်ရွက်နေပါကြောင်း။

 

ထို့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်မှုရှိစေ ရန်အတွက် ကပ်ရောဂါဗေဒရှုထောင့်သုံးသပ်ဆန်းစစ်မှုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့၏ ဆေးရုံပိုင်းကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်း ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ နိုင်ငံတကာဝင်၊ ထွက်ဂိတ်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေး ထားဆောင်ရွက်နေသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊ ပြည်သူ့ကျန်းမာရေး အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုရှိပြီး ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများမှ ပံ့ပိုးဆောင်ရွက်မှုများ ပေးအပ်စေလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးဝန်ကြီးများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု များဖြင့် ဆက်လက်လုပ်ဆောင်နေပါကြောင်း။

 

ယခုကဲ့သို့ အရေးပေါ်ကျန်းမာရေးပြဿနာနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် အရေး အကြီးဆုံး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများ၊ ကုသရေးပညာရှင်များနှင့် teleconference နှင့် video conference များ ပုံမှန်ပြုလုပ်၍ လုပ်ငန်းဦးတည်ချက်တူညီစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ လုပ်ဆောင်လျက်ရှိသော ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် အားဖြည့်ဆောင်ရွက်ခြင်း တို့ကိုလည်း လုပ်ဆောင်လျက်ရှိပါကြောင်း၊ ယခု COVID-19 ရောဂါ ကမ္ဘာတွင်ဖြစ်ပွားမှု ဖြစ်စဉ်များ၊ မိမိတို့၏ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းတွင် မျိုးဆက်သစ်ပညာရှင်များ အတွက် လေ့လာနိုင်ရန် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း မှတ်တမ်း(document)များ စနစ်တကျထားရှိခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ်(ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)တို့တွင် ပြန်လည်သင်ကြား ဆွေးနွေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

 

ယခုအစည်းအဝေးသို့ တက်ရောက်လာသူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံကောင်းများ မျှဝေပေးအပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနသည် နိုင်ငံတကာကျန်းမာရေးဝန်ကြီးဌာနများ၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအရာရှိများနှင့် သတင်းပေးပို့ ချိတ်ဆက်မှုများ ဆောင်ရွက်ကာ ပြည်ပတွင် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့ပြီး ပြည်တွင်းသို့ ဝင်ရောက်ခဲ့ သူများအားရှာဖွေ၍ အသွားအလာ ကန့်သတ် (quarantine)ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများသည်  အထူးအရေးကြီးပါကြောင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ထိရောက်စေရေး၊ ပြည်သူများ ရောဂါကာကွယ်ရေး နည်းလမ်းများ သိရှိစေရေးတို့အတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ပွင့်လင်းစွာဖြင့် အကြံပြုခြင်း၊ ဆွေးနွေးခြင်းများ လုပ်ဆောင်စေ လိုပါကြောင်း၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်ကိုက်ညီသည့် ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်စိုးထက်တို့က COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆေးရုံပိုင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ လှူဒါန်းလက်ခံရရှိမှုနှင့် ရောဂါ ဖြစ်ပွားခြင်း ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ပထမအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးနှင့် ဗြိတိန်နိုင်ငံ သံရုံးတို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ Public Health England ၊ အလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍ အလိုက်ထောက်ပံ့ပေးမည့် အစီ အစဉ်များကို အကြံပြုဆွေးနွေးကြသည်။

 

သတင်းစဉ်