နေပြည်တော် ၁၈ မတ်
COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင်ဆောင်ရွက်မှု အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်နှင့် ဆရာမများ စသည့် ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် ဒုတိယအကြိမ် Video Conferencing ပုံစံဖြင့် တစ်ပြိုင်တည်း၊ တစ်စုတစ်စည်းတည်း အပြန်အလှန် ဆွေးနွေးနိုင်ခြင်းဖြင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုထိရောက် ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း အတွေ့အကြုံကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပညာရှင်များ အချင်းချင်း ဝေမျှနိုင်သည်ဖြစ်ကြောင်း၊ ယနေ့ Video Conferencing ၌ ဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီ ၄ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်စုတည်း ခြုံငုံသုံးသပ်ဆွေးနွေးနိုင်ခြင်းသည် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအပေါ် ကျန်းမာရေးဝန်ဆောင်မှု စွမ်းဆောင်ရည်မြင့်မားလာမည်မှာ သေချာပါကြောင်း။
ပြဿနာ၊ အားနည်းချက်နှင့် စိန်ခေါ်မှု အရပ်ရပ်ကိုလည်း အချိန်နှင့်တစ်ပြေးညီ စုပေါင်းတိုင်ပင်၍ ဖြေရှင်းပေးနိုင်ပြီဖြစ်ကြောင်း၊ ရေရှည်တွင် မိမိတို့သည် ကျန်းမာရေးနှင့် ပတ်သက် သည့် ကိစ္စရပ်မျိုးစုံကို ဆွေးနွေးရန် Video Conferencing ကို ပုံမှန်တစ်ပတ်တစ်ခါ ပြုလုပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ဆေးရုံကြီးများမှ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့် ဆေးပစ္စည်းများကို အတတ်နိုင်ဆုံး ချက်ချင်းဖြည့်ဆည်းမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဝန်ကြီးဌာနအဆင့်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်မည်ဖြစ်ပြီး ထပ်မံလိုအပ်သည်များကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
GAVI- the Vaccine Alliance ၏ Health system strengthening – 2 ရန်ပုံငွေမှ (၁၀) ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၀) သန်းကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာခဲ့၍ ၎င်းရန်ပုံငွေများကို အသုံးချဆောင်ရွက်ရန် လုပ်ငန်းစီမံချက် အဆိုပြုလွှာတစ်ခု ပြုစုပေးပို့ကာ မိမိတို့ရရှိတော့မည်ဖြစ်ကြောင်း၊ ထို့အပြင် USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေများထဲမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၇) သိန်းကိုလည်း ရယူအသုံးပြုနိုင်ရန် အကြောင်းကြားစာ ရရှိသည့်အတွက် မိမိတို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ဆေးရုံ၏ လိုအပ်ချက်များ ပံ့ပိုးရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း။
ထိုသို့ ပံ့ပိုးကူညီပေးသော GAVI- the Vaccine Alliance နှင့် USAID အဖွဲ့တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော COVID-19 ရောဂါနှင့် ပတ်သက်၍ အမေးများသော မေးခွန်းနှင့် အဖြေများကို နောက်ဆုံးထွက်လာသော အချက်များနှင့်အညီ ပြုပြင်မွမ်းမံ၍ ထုတ်ဝေသွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များဖြစ်သည့် (က) အမျိုးသားအဆင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှု၊ (ခ) ပြည်သူများနှင့် သက်ဆိုင်သူအားလုံးထံ လက်ရှိအခြေအနေနှင့် လုပ်ဆောင်ရမည်များအား ပြန်ကြားဆက်သွယ်ခြင်း၊ (ဂ) ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ (ဃ) ကုသမှု လုပ်ငန်းများအား ဖြည့်ဆောင်ရွက်ခြင်း၊ (င) ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ခြင်း၊ (စ) သံသယရောဂါလက္ခဏာရှိသူများအား ရှာဖွေခြင်း၊ (ဆ) အမျိုးသားအဆင့် ဓာတ်ခွဲခန်း၏ စွမ်းရည်မြှင့်တင်ခြင်း၊ (ဇ) ဆေးနှင့်ဆေးပစ္စည်းများ မဟာဗျူဟာမြောက် စီမံခန့်ခွဲခြင်း၊ (ဈ) မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများ မပြတ်တောက်စေရေး ဆောင်ရွက်ခြင်း အကြံပြု ပြောကြားချက်များကို မိမိတို့ဝန်ကြီးဌာနမှ လုပ်ဆောင်ပြီးဖြစ်ကြောင်း။
ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပြည်သူများမှ ပါဝင်လှူဒါန်းနေသည့် ဆေးနှင့် ဆေးပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနတွင် အဖွဲ့တစ်ခု ဖွဲ့စည်းပြီး စနစ်တကျစာရင်းပြုစုကာ ခွဲဝေဖြန့်ဖြူး ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မေ့ဆေးပညာပါမောက္ခများမှ လတ်တလော လိုအပ်ချက်အတွက် သာမက ရေရှည်ကာလအတွက်ပါ ထည့်သွင်းစဉ်းစား၍ အကြံပြုသည်များကို မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခုအချိန်တွင် ပြည်သူများအနေဖြင့် အရေးအကြီးဆုံး အလေးထားဆောင်ရွက်ရန်မှာ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို (၁၅ မှ ၂၀) စက္ကန့်ခန့် အချိန်ယူ၍ သေချာစွာ စနစ်တကျ ပွတ်တိုက်ဆေးကြောခြင်းနှင့် ဆေးကြောထားခြင်း မရှိသော လက်ဖြင့် မျက်နှာအားကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ သတင်းအချက် အလက်မှန်များကိုသာ တိုက်ဆိုင်စစ်ဆေးရယူခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ဝန်ထမ်းများအနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် သတင်းအချက်အလက်မှန်များကို ပြည်သူများ အသုံးပြုမှုများပြားသည့် လူမှုရေးကွန်ရက်မှ ပြည်သူများထံသို့ ဆက်လက် ဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ ဤအချက်သည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုအတွက် အလွန်အရေးကြီးသည့် နည်းဗျူဟာတစ်ခု ဖြစ်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းအားဖြင့် မမှန်သတင်းများနှင့် ကောလာဟလသတင်းများ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း။
ထို့အပြင် ယခုအချိန်ကာလတွင် ရောဂါဖြစ်ပွားမှုများပြားသော နေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်းသို့ဝင်ရောက်မှုများ နည်းပါးခြင်းဖြင့် ရောဂါဝင်ရောက်ဖြစ်ပွားနိုင်ချေလည်း နည်းပါးလာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပြတ်သားစွာဖြင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားပါက ပြင်းထန်စွာဖြစ်ပွားပြီး သေဆုံးနိုင်ချေများသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချို၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် နာတာရှည်ရောဂါအခံရှိ သူများအနေဖြင့် ယခုကာလအတွင်း တတ်နိုင်သမျှ အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြပြီး မိမိနှင့် သင့်တော်ရာ ကိုယ်လက်လှုပ်ရှားအားကစားကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုများကို မှတ်တမ်းများထားရှိခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် စာရွက်စာတမ်းများကို ပင်မဖိုင်တစ်ခုစီ ပြုလုပ်စုစည်းထားရှိခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲထားရှိသော COVID-19 ရောဂါ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် (contingency plan) ကို လက်တွေ့မြေပြင်အခြေအနေနှင့် အကိုက်ညီဆုံး ဖြစ်စေရေးအတွက် ရက်ပိုင်းအတွင်း အပြီးသတ်ရေးဆွဲရမည်ဖြစ်ကြောင်း။
ဆေးရုံများတွင် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆန်းစစ်ခြင်းကို အမြန်ဆုံးပြုလုပ်၍ လိုအပ်သည်များကို ချက်ချင်းပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊နေရပ်စွန့်ခွာရသူများ ခေတ္တနေထိုင်ရာစခန်း (IDP Camp) များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယခု Video Conferencing သို့ တက်ရောက်လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများမှ ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း။
မိမိတို့ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုရေးကွန်ရက်တွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ပြည့်စုံစွာ ဖော်ပြထားရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပြတ်သားစွာဆောင်ရွက်နေသော အခြားနိုင်ငံများမှ သာဓကနမူနာများ ရယူ၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့်အညီ လိုအပ်သည်များကို ပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်၊ အမေရိကန် CDC စသည့် အင်တာနက်စာမျက်နှာများကို ပုံမှန်ကြည့်ရှုကာ သတင်းအချက်အလက်များ ရယူနေရမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးစီးဌာနမှူးများအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များကို မိမိတို့တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ကိုက်ညီသော လုပ်ငန်းစဉ်များအဖြစ် မွမ်းမံကာ တာဝန်များ တိကျစွာခွဲဝေ သတ်မှတ်၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများလုပ်ဆောင်နေခြင်း၏ အဓိကရည်မှန်းချက်မှာ ပြည်သူတစ်ဦးတစ်ယောက်တွင် မျှရောဂါမဖြစ်ပွားစေရေးနှင့် သေဆုံးမှုမရှိစေရေးတို့ ဖြစ်သည်ဆိုသည့် အချက်ကို ပြည်သူများ သိရှိစေခြင်းဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူစေလိုပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များကို ပွင့်လင်းစွာဖြင့် အခြေအနေမှန်ကို ပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က လုပ်ငန်းလမ်းညွှန်ချက်များ မှာကြားကြသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းတင်က ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်း COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှု အခြေအနေများနှင့် အဆိုပါနိုင်ငံများတွင် တုံံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ချက်များကို လည်းကောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆန်းစစ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက လက်တွေ့မြေပြင်အခြေအနေတွင် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်သုံးသပ်ရာတွင် တွေ့ရှိရသော လုပ်ငန်းလိုအပ်ချက်များနှင့် အားသာချက်၊ အားနည်းချက်များ ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတင်းအချက်အလက်များကိုလည်းကောင်း အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing မှ တစ်ဆင့် အသီးသီးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုနှင့် ပတ်သက်၍ လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) ဒေါက်တာသန်းနိုင်စိုးက ပြည်သူများထံ လက်ရှိအခြေအနေများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်သွယ်ပြောကြားမှု၊ အသိပေးနှိုးဆော်မှုများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက COVID-19 ရောဂါလူနာများ တွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ အထူးကုဆေးရုံ (ဝေဘာဂီ) မှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဆေးရုံအဆောင်သစ်တွင် လူနာများ သီးခြားထားရှိကုသမှုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း အသီးသီးတင်ပြကြသည်။
အစည်းအဝေးတွင် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေး၊ ဓာတ်ခွဲ၊ ကုသရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ ကဏ္ဍအသီးသီးမှ အပြန်အလှန်ဆွေးနွေးမှုများ၊ အကြံပြုမှုများကို ဆောင်ရွက်ခဲ့သည်။
သတင်းစဉ်


