နေပြည်တော် ၂၄ ဇန်နဝါရီ
ဒုတိယအကြိမ် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး (ဘင်းမ်စတက်) အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအဖွဲ့များ အစည်းအဝေး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ဘင်းမ်စတက်နိုင်ငံများ၏ တိုင်းရင်းဆေးပညာအဖွဲ့များ အစည်းအဝေးကျင်းပခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် အထောက်အပံ့ ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း တိုင်းရင်းဆေးပညာရပ် နယ်ပယ်တွင် ကောင်းမွန်သော အတွေ့အကြုံများ ဝေမျှနိုင်မည့် အခွင့်အရေးဖြစ်သဖြင့် ပါဝင်တက်ရောက်သူများ အနေဖြင့် အကျိုးရှိစွာ အသုံးချရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းဆေးပညာရပ်သည် လျင်မြန်စွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပညာရပ်နယ်ပယ်ဆိုင်ရာ ဆန်းသစ်ရှာဖွေမှုများ ယခုထက်ပိုမိုပြုလုပ်နိုင်ရန်အတွက် ရှေးရိုးစွဲမှ ဖောက်ထွက်သော အတွေးအမြင်၊ အကြံဉာဏ်များဖြင့် သိပ္ပံနည်းကျ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းရင်းဆေးမျိုးရင်း ကာကွယ်မှုနှင့် မူပိုင်ခွင့်ဆိုင်ရာများ၊ ဘင်းမ်စတက်နိုင်ငံများအတွင်း တိုင်းရင်းဆေးဝါး ဖော်စပ်ထုတ်လုပ်မှုဆိုင်ရာများကို သဟဇာတဖြစ်ရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို အလေးထားဆွေးနွေးသွားမည်ဟု သိရှိရပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် အဖွဲ့အစည်းများ အချင်းချင်းကွန်ရက်သဖွယ် ချိတ်ဆက်၍ လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးသည့် သုတေသနရလဒ်များကို အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းဝေမျှခြင်း၊ သုတေသန လုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသနမှတ်ပုံတင်ခြင်းစနစ် ပြုလုပ်ခြင်းနှင့် သုတေသန သတင်းအချက်အလက်စနစ်တို့ကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းဆေးပညာရှင်များအနေဖြင့် နိုင်ငံတစ်ခုမှ ပြုလုပ်ထားသော သုတေသနရလဒ်များကို အခြားနိုင်ငံမှ ပညာရှင်များကလည်းသိရှိနိုင်မည်ဖြစ်ပါကြောင်း။
ဘင်းမ်စကတ်နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးတစ်ကြိမ်နှင့် တစ်ကြိမ်အကြားတွင် နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ အသိပေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ပညာရပ်ဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ တိုးတက်မှု၊ သုတေသနရလဒ်များကို ဖလှယ်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အသုံးပြုရန်အတွက် အရည်အသွေး ပြည့်ဝသော စာအုပ်စာတမ်းများ ပြုစုထားရှိမှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးပညာရပ်နယ်ပယ်ကြီး တစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက်ဘင်းမ်စတက်အတွင်းရေးမှူးအဖွဲ့ဝင် ဒါရိုက်တာMr. Kunzang N. Tshering က အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ တိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ တက်ရောက်ကြသည်။
(သတင်းစဉ်)