နေပြည်တော် ၂ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတို့မှ ကိုဗစ်-၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက် နေသည့် ကထိက(ဆေးပညာ)/ အထူးကုဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ အထက်တန်းသူနာပြုများ၊ သူနာပြုများနှင့် Videoconferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးရခြင်းမှာ လက်တွေ့မြေပြင်တွင် ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများနှင့် သူနာပြုများထံမှ လိုအပ်ချက်များ၊ ဗဟိုမှပံ့ပိုးဆောင်ရွက်ပေး ရမည့်ကိစ္စရပ်များနှင့် အကြံပြုချက်များကို တိုက်ရိုက်သိရှိလို၍ ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် ဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက်လုံးတွင် အကြီးမားဆုံး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ရုတ်တရက်များပြားလာသော လူနာများကို ကိုင်တွယ်ကုသမှုပေးရာတွင် လိုအပ်ချက်များရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့လိုအပ်ချက်များ၊ အားနည်းချက်များကို အသင်းအဖွဲ့ စိတ်ဓာတ် ကောင်းများဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘက်စုံလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးနိုင်ရန် အတွက် "ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့" ကို စက်တင်ဘာလ (၁၁) ရက်တွင် ဖွဲ့စည်းကာ ဆေးရုံများ၏ လိုအပ်ချက်များကိုလည်းကောင်း၊ အသွားအလာ ကန့်သတ်နေရာများ စီမံခန့်ခွဲမှု ပိုမိုပီပြင်အဆင်ပြေစေရန်လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် အဘက်ဘက်မှ အမြင်များ၊ အထူးသဖြင့် လက်တွေ့မြေပြင်တွင် ဆေးရုံများ၌ ကုသမှုဝန်ဆောင်မှုကို ပေးနေသူများထံမှ အကြံပြုချက်များသည် အထူးအရေးကြီးပြီး ဝန်ကြီးဌာနအနေဖြင့် ၎င်းအချက်များကို စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှသာလျှင် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်နိုင်မည် ဖြစ်ပါကြောင်း။
ယနေ့တွေ့ဆုံရာတွင် ဆရာဝန်များ၊ သူနာပြုများထံမှ အကြံပြုချက်များကို အသေအချာ မှတ်သားထားရှိကာ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ ဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ အမြန်ဆုံး ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများ အနေဖြင့်လည်း ဆရာဝန်များ၊ သူနာပြုများ၊ ကုသရေးဆိုင်ရာပညာရှင်များ၊ ဝန်ထမ်းများ အားလုံး၏ အသံများကို အမြဲနားထောင်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာ အထူးအရေးကြီး ပါကြောင်း၊ မိမိတို့အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်ပါက ဗဟိုသို့ ချက်ချင်းအကြောင်းကြားပါက ဗဟိုမှ အချိန်နှင့် တစ်ပြေးညီ ပြန်လည်တုံ့ပြန်ကူညီပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ တောင်းခံသည့်အတိုင်း လုံလောက်စွာ ခွင့်ပြုပေးလျက်ရှိကြောင်းကိုလည်း ဆေးရုံအုပ်ကြီးများကို ပြောကြားထားပြီး ဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီးများမှ လိုအပ်ချက်များကို ဗဟိုသို့ အချိန်မရွေး လျင်မြန်စွာအသိပေးစေ လိုပါကြောင်း၊ ယခုကဲ့သို့ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသူများထံမှ လိုအပ်ချက်များ၊ အကြံပြုချက် များကို မိမိအပါအဝင် ဝန်ကြီးဌာန အကြီးအကဲ(၅)ဦးထံသို့ တစ်ပြိုင်နက်တည်း အချိန်မရွေး ပေးပို့နိုင်ရန်အတွက် အစီအစဉ်တစ်ရပ် အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ပြီး တင်ပြချက်နှင့် အကြံပြုချက်များကို အမြန်ဆုံးတုံ့ပြန်ခြင်းနှင့် ပံ့ပိုးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ဆေးရုံများ၌ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်အတွက် ဗဟိုမှ တာဝန်ရှိသူများအနေဖြင့် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် "ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စာမျက်နှာ (dashboard)" ကို ပြုလုပ်ထားရှိပြီး အဆိုပါ dashboard မှ ဆေးရုံအသီးသီးရှိ ဆေးစာရင်းလက်ကျန်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုကာ ကြိုတင် တွက်ဆဝယ်ယူထားပြီး ဆေးရုံများ သို့ပေးပို့လျက်ရှိပါကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မိမိတို့၏ ဆေးစတိုအတွင်းမှ ဆေးနှင့်ဆေးပစ္စည်းများကို သက်ဆိုင်ရာ လူနာဆောင်များသို့ လုံလောက်စွာ ပေးပို့ရမည်ဖြစ်ပြီး ဆေးစာရင်းလက်ကျန်များကို dashboard တွင် အချိန်နှင့် တစ်ပြေးညီ ဖြည့်သွင်းမှသာလျှင် ဗဟိုမှ သိရှိ၍ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆေးရုံအလိုက် "ဆေးရုံတွင်းနှင့် လူနာဆောင်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးအဖွဲ့" ကို ဖွဲ့စည်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာလူနာဆောင်မှ ကိုယ်စားလှယ် (၁) ဦးက လူနာဆောင်တွင် တွေ့ကြုံရသော အခက်အခဲနှင့် လိုအပ်ချက်ကို အဆိုပါအဖွဲ့ထံ တိုက်ရိုက်ပြောကြားရမည် ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့နေဖြင့် လိုအပ်ချက်များကို ချက်ချင်းဆုံးဖြတ်ဖြည့်ဆည်းပေး သွားရန်ဖြစ်ပြီး ဆေးရုံအနေဖြင့် လုပ်ဆောင်နိုင်စွမ်းမရှိသည်များကို အထက်အဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် အထူးကု ဆရာဝန်၊ ဆရာဝန်နှင့် သူနာပြုများက ပြောကြားရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကထိက(ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာ စန္ဒာပြုံး၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်မင်းမောင်၊ အထက်တန်းသူနာပြု ဒေါ်သီသီလွင်နှင့် သူနာပြု ဒေါ်လဲ့လဲ့ကေခိုင်တို့က ဆေးရုံကြီးသည် နိုင်ငံတစ်ဝန်းလုံးမှ အားကိုးအားထားပြု လာရောက်ကုသမှုခံယူနေသော ဆေးရုံဖြစ်သဖြင့် ပုံမှန်အချိန်တွင်ပင် လူနာများပြားမှု၊ ပြင်ပလူနာဌာန၊ High Dependency Unit နှင့် Intensive Care Unit (အထူးကြပ်မတ်ကုသဆောင်) တို့တွင် လူနာဝင်ဆံ့မှုအခြေအနေ၊ လက်ရှိတွင် ကိုဗစ်-၁၉ သံသယ လက္ခဏာရှိသည့် လူနာများ များပြားစွာလာရောက်ပြသလျက်ရှိသဖြင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ လုပ်ငန်းဝန်များပိနေမှု၊ လူနာမှတ်တမ်းများ စာရွက်စာတမ်းများ ဖြည့်စွက်ရန်အတွက် အချိန်များပေးနေရမှု၊ ဆရာဝန်၊ သူနာပြုအင်အား လိုအပ်မှု၊ ဆရာဝန်၊ သူနာပြုများ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ အချိန်ကြာမြင့်စွာ ဝတ်ဆင်ပြီး လုပ်ကိုင်နေရသည့်အတွက် ပင်ပန်းနွမ်းနယ်နေမှုနှင့် ရေချိုးခန်းများ ထပ်မံလိုအပ်မှု၊ အောက်ဆီဂျင်ပိုက်လိုင်းများ လိုအပ်မှု၊ ကိုဗစ်-၁၉ လူနာများအား ရောဂါလက္ခဏာရှိသူနှင့် မရှိသူများအား သီးခြား လူနာဆောင်ခွဲထားရန် လူနာများအား လွှဲပြောင်းကုသမှုပေးရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်ရန်အတွက် သီးခြားအဖွဲ့များ ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေရန် တို့ကိုလည်းကောင်း။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာ သန်းသီရိထွေး၊ လက်ထောက်ဆရာဝန် ဒေါက်တာနေခြည်ဝင်း၊ သူနာပြုဆရာမကြီး ဒေါ်လွင်လွင်ငြိမ်းနှင့် သူနာပြု ဒေါ်စုလှိုင်တင် တို့က ကိုဗစ်-၁၉ သံသယလူနာများတွင် ရောဂါလက္ခဏာပြင်းထန်သူများ ယခင်ကထက် သိသာစွာ ပိုမိုများပြား လာမှု၊ လူနာပြသရန် စောင့်ဆိုင်းနေရာများတိုးချဲ့ရန် ထပ်မံလိုအပ်မှု၊ ဆရာဝန်၊ သူနာပြု အင်အားနှင့် အသက်ရှူစက် ထပ်မံလိုအပ်မှု၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် အတွက် အဆောင်၊ နေရာထပ်မံလိုအပ်မှု၊ ဆရာဝန်နှင့် သူနာပြုများကို ကူညီရန် အထွေထွေလုပ်သားများ လိုအပ်မှု၊ ပြင်းထန်လူနာများ အထူးသဖြင့် လူနာစောင့်မရှိသူများအတွက် အစားအသောက်၊ သန့်ရှင်းရေးဆိုင်ရာများ ပြုစုပေးနိုင်ရေးအတွက် လိုအပ်မှု၊ လူနာများအား အထူးကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင်များမှ လက်ခံနိုင်သည့် အနေအထားကို ညှိနှိုင်းပေးရန် လူနာဆောင်နေရာချထားရေး တာဝန်ခံထားရှိရန်၊ ပြင်းထန်လူနာများအား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရန် အတွက် ရောဂါကာကွယ်ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန်၊ လူနာတင်ယာဉ်များကို မောင်းနှင်ရာ တွင် ဝန်ကြီးဌာနမှ ယာဉ်မောင်းဝန်ထမ်းများကို အသုံးပြုရန်၊ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများကို စနစ်တကျ လက်ခံကုသမှုပေးရန်အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ်ကုသဆောင်များအတွက် ထားရှိမည့် အနေအထား အကြံပြုမှုတို့ကို လည်းကောင်း။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ ကထိက(ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာ သင်ဇာချိုဦး၊ လက်ထောက် ဆရာဝန် ဒေါက်တာဇင်ထက်နိုင်၊ သူနာပြုဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် သူနာပြု ဒေါ်လင်းလင်းဖြူတို့က ကိုဗစ်-၁၉ သံသယလူနာများအား လူနာရှင်များက ဆေးရုံသို့ လာရောက်ပို့ဆောင်ပြီးနောက် ဆက်သွယ်၍ မရတော့သည့် ဖြစ်စဉ်များ၊ အထွေထွေလုပ်သားများလို အပ်နေမှု၊ N95 Mask များ ပိုမိုပေးအပ်ရန်လိုအပ်မှုကို လည်းကောင်း။
အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (ဆေးပညာ) ဒေါက်တာမင်းသန့်ကျော်၊ လက်ထောက်ဆရာဝန် ဒေါက်တာသူရိန်မင်းဇော်၊ အထက်တန်းသူနာပြု နော်ဟေဆာဖေါနှင့် သူနာပြု ဒေါ်ချမ်းချမ်းမွန်တို့က အခြား ဆေးရုံကြီးများနည်းတူ လူနာများ များပြားနေမှုနှင့် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ လူနာများအား ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် အဆောင်၊ နေရာထပ်မံလိုအပ်မှု၊ အထွေထွေလုပ်သား အင်အားလိုအပ်မှု၊ အောက်ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်ရန် တို့ကိုလည်းကောင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရောဂါကူးစက်ခံရနိုင်ချေများရှိနေသော်လည်း ယခုကဲ့သို့ ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်နေသည့်အတွက် အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ပွင့်လင်းစွာပြောကြားမှုများနှင့် အကြံပြုချက်များကို ဝန်ကြီးဌာနအထူးကိစ္စရပ် အနေဖြင့် စဉ်းစားပြီး အမြန်ဆုံးနှင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ e-Health Unit မှ COVID-19 ဆိုင်ရာ အသွားအလာကန့်သတ်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ လူနာကုသမှု စသည်တို့ ပါဝင်ပြီး ကွန်ပျူတာ (သို့မဟုတ်) android စနစ်သုံး မိုဘိုင်းဖုန်းများအသုံးပြု ဖြည့်စွက်နိုင်သည့် စာရင်းပုံစံကို ပြုစုထားရှိပြီး အပြီးသတ်ရေးဆွဲရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်လျက်ရှိပြီး ကျန်ဆေးရုံကြီး (၃) ခုတွင်လည်း တိုးချဲ့ တပ်ဆင်ရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဆရာဝန်များနှင့် သူနာပြုများအတွက် ရေချိုးခန်းများကို အသင့်တပ်ဆင်ပြီး ရေချိုးခန်းများ ထားရှိပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေအိမ်သို့မပြန်လိုပါက နေထိုင်ရန် အဆောင်များနှင့် ဟိုတယ်များ ထားရှိရန်စီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အသစ်ခန့်အပ်တာဝန်ပေးအပ်ထားသည့် သူနာပြုသစ်လွင်များအား တာဝန်ကျရာ နေရာဒေသများသို့ မသွားရောက်စေသေးဘဲ ရန်ကုန်တိုင်းဒေသကြီးတွင် ယာယီတွဲဖက်တာဝန်ချထားပေးမည် ဖြစ်ပါကြောင်း၊ လိုအပ်နေသော အထွေထွေလုပ်သားများအား ဆေးရုံအုပ်ကြီးများက ချက်ချင်းတာဝန်ယူခန့်အပ် နိုင်ပါကြောင်း၊ လူနာများအား လွှဲပြောင်းကုသမှုပေးရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန်အတွက် သီးခြားအဖွဲ့များဖွဲ့စည်းရန်၊ လူနာများအား အထူးကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင်များမှ လက်ခံနိုင်သည့်အနေအထားကို ညှိနှိုင်းပေးရန် လူနာဆောင်နေရာချ ထားရေးတာဝန်ခံထားရှိရန်၊ ပြင်းထန်လူနာများအား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ရောဂါကာကွယ်ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန်နှင့် ဆေးရုံကြီးတွင် ကိုဗစ်-၁၉ များကို စနစ်တကျ လက်ခံကုသမှုပေးရန်အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ်ကုသ ဆောင်များအတွက်ထားရှိမည့် အနေအထား အကြံပြုမှုများကို ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
အဆိုပါ အချက်များအား လက်တွေ့အခြေအနေနှင့် ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ညှိနှိုင်းဆောင်ရွက်ရန် နှင့် ထပ်မံလိုအပ်မှုများရှိက တောင်းဆိုနိုင်ရန်အတွက် မိမိအနေဖြင့် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)တို့ကို ဆေးရုံကြီး (၄)ရုံသို့ ယနေ့သွားရောက်ကာ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ လူနာဆောင်တာဝန်ခံများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်စေ မည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေး ရန် ညွှန်ကြားမည်ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်များကို မောင်းနှင်ရာတွင် ဝန်ကြီးဌာနမှ ယာဉ်မောင်းဝန်ထမ်းများ ကို အသုံးပြုနိုင်ရန်အတွက် နေပြည်တော်မှယာဉ်မောင်းများ စေလွှတ်ပေးမည်ဖြစ်ပါကြောင်း၊ N95 Mask များလည်း ဆေးရုံကြီးများသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မရှိစေရေး အတွက် ယခုထပ်မံ၍ ရောက်ရှိလာသည့် N95 Mask ခုရေ (၂၀၀,၀၀၀) လည်း ကိုဗစ်-၁၉ လူနာများပြားနေသော ဆေးရုံများသို့ ချက်ချင်းထပ်မံပေးပို့မည်ဖြစ်ပါကြောင်း၊ ဆေးရုံပိုင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် အသေးစိတ် ထပ်မံဆွေးနွေးရန်အတွက် ယနေ့ညနေတွင် အမြဲတမ်းအတွင်းဝန်က ဦးဆောင်သော အစည်းအဝေး တစ်ခုပြုလုပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်