နေပြည်တော် ၃၀ ဒီဇင်ဘာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
ရှင်းလင်းတင်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းအစီအစဉ်သစ်များကို အစပျိုးစတင်ဆောင်ရွက်ခြင်းနှင့် ယခင်ရှိပြီး လုပ်ငန်းများကို အစမှထပ်ကြော့ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်မည်မဟုတ်ဘဲ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အစီအစဉ်များကိုသာ လိုအပ်သလို အနည်းငယ် ပြုပြင်မွမ်းမံပြီး ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို စောစီးစွာအကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေ လျာထားသတ်မှတ်မှုများ၊ ပြောင်းလဲလာသည့် ယေဘုယျလုပ်ငန်းအစီအစဉ် (13th General Program of Work, 2019 - 2023) များ၊ ဦးစားပေး မဟာဗျူဟာပန်းတိုင်များ၊ စီမံချက် လုပ်ငန်းစဉ်များ၊ ရည်မှန်းလျာထားချက်များနှင့် ရန်ပုံငွေအဆိုပြု တောင်းခံရန်အချက်များ စသည်တို့ကို ခြုံငုံသိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးစီမံချက်များ၏ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးစားပေးစီမံချက် လုပ်ငန်းစဉ်များနှင့် လမ်းကြောင်းတူ ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းများ ထပ်မနေစေရေးတို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်မန်နေဂျာများ၊ တာဝန်ရှိသူများနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသော ရန်ပုံငွေများကို နိုင်ငံအတွက် အကျိုးရှိထိရောက်စွာ၊ အလေအလွင့်နည်းပါးစွာဖြင့် အသုံးချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Technical Officer Dr. Mohammad Shahjahan, Technical Officer Dr.Rahman နှင့် ဒေါ်လှလှအေးတို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၃) ကြိမ်မြောက် ယေဘုယျလုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေစီမံခန့်ခွဲမှုမူဘောင်၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အကြောင်းအရာအချက်အလက်များ၊ ယခုအချိန်အထိ အတည်ပြုထားရှိပြီးသော လုပ်ငန်းအစီအစဉ်များနှင့် ရရှိနိုင်သော ရန်ပုံငွေအခြေအနေများ၊ လုပ်ငန်းစဉ်များကို အားဖြည့်ဆောင်ရွက်မည့် အစီအစဉ်များ စသည်တို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့ ဆေးသုတေသဦးစီးဌာန၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားရှိမှုများကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သုတေသနညီလာခံ ကျင်းပမှုကို လူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ စီစဉ်ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)