နေပြည်တော်  ၁၉  မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့် ပြုလုပ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၅) ခုမှ ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)သို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းတွင် ဆေးနှင့်ဆေး ပညာနှီးနွှယ်ပညာရပ်များသည် အချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေသည်ဖြစ်၍ မိမိတို့ အသုံးပြုနေသော သင်ရိုးညွှန်းတမ်းများနှင့် သင်ကြား ပုံနည်းစနစ်ကိုလည်း မွမ်းမံပြင်ဆင်မှုများကို အမြဲတမ်းပြုလုပ်နေရန် လိုအပ်ပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် ယခုစတင်အသုံးပြုသင်ကြားနေပြီဖြစ်သည့် "ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)" သည် ကမ္ဘာ၌ သင်ကြားသော ခေတ်ပေါ်နည်းစနစ် ဖြစ်သည့်အတွက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆေးပညာ ဘွဲ့လွန်သင်တန်း များ၌ လက်တွေ့သင်ကြားမှုများကို အထူးကုဆရာဝန်ကြီးများရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် ကာလတိုတွဲဖက်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဘွဲ့လွန် သင်တန်းသား/သူများအနေဖြင့် လက်တွေ့အတွေ့အကြုံများ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန (ပြင်ဦးလွင်) တွင်ပြုလုပ်လျက်ရှိသော အသိအမှတ်ပြုလက်မှတ်ရ သုတေသန စွမ်းဆောင်ရည် မြှင့်သင်တန်းများသို့လည်း မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသား/သူများ မဖြစ်မနေ တက်ရောက်စေမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် ပြုလုပ်ရန် လိုအပ်သော သုတေသနခေါင်းစဉ်များကိုစုစည်းထားသည့် Research Title Bank ကိုလည်း ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ဆောင်ရွက်လျက် ရှိသဖြင့် ဘွဲ့လွန်သင်တန်းသား/ သူများအနေဖြင့် အဆိုပါခေါင်းစဉ်များမှ ရွေးချယ်ပြု လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် (၁၅) ခု စုပေါင်း၍ University Research Journal တစ်ခု ထုတ်စေလိုပါကြောင်း၊ ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များရှိ ဆေးပညာသင်ကြားရေးယူနစ် (Medical Education Unit) များ၏ စွမ်းဆောင်ရည် မြင့်မားရေးကိစ္စရပ်များကိုလည်း သုံးသပ်၍ ယခုထက်ပိုမို စွမ်းဆောင်ရည်မြှင့်တင်စေ လိုပါကြောင်း။

 

ဆေးနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များတွင် ဆရာ၊ ဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် သူများအတွက် သင်ကြားမှုဆိုင်ရာ မွမ်းမံသင်တန်းများ ပေးအပ်ခြင်း၊ ရာထူးအဆင့်တိုးမြှင့်သည့် အခါ၌လည်း သက်ဆိုင်ရာ ရာထူးအလိုက် မွမ်းမံသင်တန်းများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအနေဖြင့် ဆေးနှင့်ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၏ နှစ်ပတ်လည်အစီရင်ခံစာ (annual report) များကိုလည်း ပုံမှန်ပြုစုသွားကြရမည် ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနသို့ ဘဏ္ဍာငွေများ ပိုမိုခွဲဝေချထားမည်ဖြစ်သဖြင့် ဘဏ္ဍာငွေသုံးစွဲလုပ်ငန်း ဆောင်ရွက်နိုင်ရန် စီမံချက်များ ကြိုတင်ရေးဆွဲပြင်ဆင်ထားရှိစေလိုပါကြောင်း၊ ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးများတွင် ပါမောက္ခချုပ် များအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုများ ပိုမို ကောင်းမွန်စေရေးတို့အတွက် လိုအပ်ချက်များကို ပွင့်လင်းစွာပြောကြားခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်နှင့် ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန) ဒေါက်တာ တင်တင်လေးတို့က ဆွေးနွေးပြောကြားခဲ့ပြီး၊ အစည်းအဝေးသို့ တက်ရောက်လာသည့် ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ဆွေးနွေးမှုနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်