နေပြည်တော် ၂၇  ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁) အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ကောင်စီများ၊ အသင်းအဖွဲ့(၁၄)ခုမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် လက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကောင်စီများ၊ အသင်းအဖွဲ့များသည် အင်အားကောင်းမွန်သကဲ့သို့ အရေအတွက်လည်း များပြားသဖြင့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနနှင့် တစ်ဖွဲ့ချင်းအလိုက် ယခုထက်ပိုမို အားကောင်းစွာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအပြင် မူဝါဒ၊ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များ တူညီသော အသင်းအဖွဲ့များ အချင်းချင်းအနေဖြင့်လည်း ယခုထက်ပိုမိုချိတ်ဆက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာန၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်စာမျက်နှာများမှလည်း ဝင်ရောက်လေ့လာ သိရှိ နိုင်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့်လည်း မိမိတို့၏ အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်စာမျက်နှာများကို အချိန်နှင့် တစ်ပြေးညီဖြစ်ရန် ပုံမှန်ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့အချင်းချင်းလည်း လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ INGO/ NGO များ၏ လုပ်ငန်း အမျိုးအစားအလိုက်၊ လုပ်ငန်းဆောင်ရွက်ရာ နေရာဒေသအလိုက် စာရင်းများကိုလည်း စုစည်း၍ Myanmar Health Partners” Profile (2018) စာအုပ်ကို ပြုစုပြီး ဖြစ်၍ ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနမှ ပြုလုပ်သော ညီလာခံများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည်တို့တွင် ယခုကဲ့သို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ကောင်စီများ၊ အသင်းအဖွဲ့များမှ ပညာရှင်များကိုဖိတ်ကြား၍ ဆွေးနွေးဟောပြောသူများ၊ ဦးဆောင်ဆွေးနွေးသူများနှင့် အစည်းအဝေး အား ဦးဆောင်ပံ့ပိုးပေးသူများ ပါဝင်နိုင်ရေးဖိတ်ကြားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး၌ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များအကြား၊ အသင်းအဖွဲ့များ အချင်းချင်းအကြား ယခုထက် ပိုမို တက်ကြွစွာနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်၍ ပြည်သူများအတွက် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ ယခုထက်ပိုမိုပေးအပ်နိုင်ရေး အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်းနှင့် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာ ရှင်အသင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန် အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ တာဝန် ရှိသူများက ကောင်စီနှင့် အသင်းအဖွဲ့များ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက် ဆောင် ရွက်နေမှုများ၊ အားနည်းချက်များ၊ အားသာချက်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြမှုများ နှင့်စပ်လျဉ်း၍ ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 

(သတင်းစဉ်)