ဘားအံ ၁၁ ဧပြီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ် နန်းခင်ထွေးမြင့်၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်တို့နှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ နယ်စပ်ဂိတ်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သံဖြူဇရပ်နယ်စပ်ဂိတ်တို့ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိသူ မြန်မာနိုင်ငံသားများအား သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိ၍ အသွားအလာကန့်သတ်ရေးကိစ္စနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား (၆၀) အား အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိရာနေရာ (quarantine site) ဖြစ်သည့် ဘားအံမြို့နယ်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက် (အဖွဲ့ခွဲ - ၁၂၀) သို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဘားအံပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ လူနာများကုသမှုပေးရန် အထူးကြပ်မတ်ကုသဆောင်များ အပါအဝင် စနစ်ကျစွာ ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဘားအံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ အသွားအလာကန့်သတ်မှုနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အားလုံး၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား အမြောက်အများသည် ကရင်ပြည်နယ်ရှိ နယ်စပ်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အတွင်း ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးပါကြောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကို အရေအတွက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ စောင့်ကြည့်လူနာ များအားလုံးနှင့် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအားလုံးကို ဦးစားပေး စစ်ဆေးသွားမည်ဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံရသူများအတွင်း ရာခိုင်နှုန်းအချိုးအစားတစ်ခုအား သုတေသန (implementation research) ပုံစံဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့သည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူများကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး ရောဂါထိန်းချုပ်မှု နည်းဗျူဟာများကို လိုအပ်သလို ပြောင်းလဲဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ယခု ရက်ရှည်ရုံးပိတ်ရက်ကာလအတွင်း ဓာတ်ခွဲနမူနာများ ပေးပို့ရာတွင် ဝန်ကြီးဌာနရှိ မော်တော်ယာဉ်များကို စနစ်တကျ တာဝန်ခွဲဝေသတ်မှတ်၍ အသုံးချဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယခုအခါ စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည့် အပြင်နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေဖြင့်လည်း ဝယ်ယူလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ ရောဂါကာကွယ်ရေးဝတ်စုံများ ပိုမိုရရှိအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာများအား စနစ်တကျ စီမံခန့်ခွဲမှုလုပ်ငန်းများသည် ယခုအချိန်၌ ဤရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရေးအတွက် အဆုံးအဖြတ်အချက်ပင် ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာများ၏ ဆောင်ရွက်မှုပုံစံနှင့် အရည်အသွေးတို့ကို သိရှိနိုင်ရန်နှင့် လိုအပ်သည်များ မွမ်းမံဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် supervisory checklist များ အသုံးပြု ဆန်းစစ်မှုများ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဆန်းစစ်တွေ့ရှိချက်များကို ဗဟိုသို့ အမြန်ဆုံးပေးပို့စေလိုပါကြောင်း၊ လက်ကိုင် အသံချဲ့စက်ငယ်များကို အသုံးပြု၍ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများအား အကြိမ်အရေအတွက်တိုးမြှင့် လုပ်ဆောင်စေလိုပါကြောင်း၊ ပြည်သူများကိုယ်တိုင် ကိုဗစ်-၁၉ ကပ်ရောဂါ မကူးစက်နိုင်စေရေး ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဤကပ်ရောဂါကို ထိန်းချုပ်နိုင်မှသာ တစ်နိုင်ငံလုံးရှိ လုပ်ငန်းဆောင်တာများ ပုံမှန်ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ပါကြောင်း၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများအတွက် ထပ်မံလိုအပ်ချက်များကို အမြန်ဆုံး စာရင်းပြုစုတင်ပြ စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ပံ့ပိုးနိုင်သည်များကို ချက်ချင်းပံ့ပိုးပေးမည်ဖြစ်ပြီး အခြားထပ်မံလိုအပ်မည့် ကိစ္စရပ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဘားအံ ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဘားအံပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြု ပညာရှင်များနှင့် တာဝန်ရှိသူများက ဘားအံပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများ ကုသမှုပေးနိုင်ရန် လူနာခန်းများ၊ အထူးကြပ်မတ် ကုသခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များ၊ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများအား ဆောင်ရွက်နေမှုနှင့် အခက်အခဲ၊ စိန်ခေါ်မှုများ၊ စောင့်ကြည့်လူနာများ လာရောက်ခဲ့ရာနေရာဒေသနှင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာ နေရာများကို စာရင်းမြေပုံများ ပြုလုပ်ထားရှိမှု၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ပါဝင်မှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (community based facility quarantine) လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်နှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


