နေပြည်တော် ၁၉ နိုဝင်ဘာ


“The Ministerial Meeting of the Global HIV Prevention Coalition (GPC): HIV Prevention 2021-2025, Taking Stock, Planning the Future” ကမ္ဘာလုံးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် UNAIDS Headquarters ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 


အစည်းအဝေးကို အီသီယိုပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Lia Tadesse က ဖွင့်လှစ်ပေးခဲ့ပြီး UNAIDS ၏ အမှုဆောင်အရာရှိချုပ် Ms. Winnie Byanyima နှင့် Global Fund ၏ အမှုဆောင်အရာရှိချုပ် Mr. Peter Sands တို့က ၎င်းအဖွဲ့အစည်းများမှ အဓိက ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းအချို့ကို ပြောကြားသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာာမြင့်ထွေးက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံများကဲ့သို့ပင် ခက်ခဲသည့် အခိုက်အတန့်ကို ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သတ်သော ဆုံးဖြတ်ချက်များကို ခိုင်မာစွာချမှတ်ပြီး ရှေ့ဆက်ဆောင်ရွက်နေပါကြောင်း။


ထို့အပြင် ကိုဗစ်-၁၉ ရောဂါမဟုတ်သည့် အခြားရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် HIV ပိုးကူးစက် ဖြစ်ပွားမှုအန္တရာယ်များကို လျှော့ချရန် HIV ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကိုလည်း ဘေးဖယ်မထားပဲ အရှိန်ဟုန်မပြတ် ဆက်လက်လုပ်ဆောင်နေပါကြောင်း၊ HIV ပိုးကူးစက်ရန် အန္တရာယ်မြင့်မားသော ဦးတည်အုပ်စုများအတွင်း အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး လုပ်ငန်းများ အပါအဝင် HIV ပိုးနှင့်နေထိုင်သူများအတွက် အေအာတီ (ART) ဆေး စဉ်ဆက်မပြတ် ရရှိရေး၊ မူယစ်ဆေးသုံးစွဲသူများအကြား မက်သာ ဒုန်းအစားထိုးတိုက်ကျွေးရေး စသည့် HIV / AIDS ရောဂါကာကွယ် ကုသရေးဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများကို တိကျစွာ ချမှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။


အဆိုပါ HIV / AIDS ကာကွယ်ကုသရေးလုပ်ငန်းများကို မိမိနေအိမ်တွင်သာနေထိုင်ရေး (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်များနှင့် အသွားအလာကန့်သတ်မှု ထားရှိသည့်နေရာများပါမကျန် ဝန်ဆောင်မှုများရရှိအောင် HIV ပိုးနှင့်နေထိုင်သူများအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အိပ်ခ်ျအိုင်ဗွီပိုး မရှိသေးသော်လည်း ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသည့် လူအုပ်စုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရန်အန္တရာယ်ရှိနေစဉ် ကာလတစ်လျှောက်လုံး နေ့စဉ်ပုံမှန် သောက်သုံးရသော Pre-exposure Prophylaxis (PrEP) ကိုလည်း ယခုနှစ် ဇူလိုင်လမှစတင်၍ မိတ်ဆက်ခဲ့ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရန် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ (၇) သန်းပေးအပ်ခဲ့ပြီး နောက်ထပ် အမေရိကန်ဒေါ်လာ (၁၈) သန်းပေးရန် ခွင့်ပြုခဲ့ပြီး ပစ္စည်းများ စတင်မှာယူပြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရာ၌ များစွာ အထောက်အကူပြုပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေချိန်တွင်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ဝန်ကြီးဌာန၏ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေးစီမံချက်၊ မူးယစ်ဆေးစွဲကုနှင့် သုတေသနဌာနတို့အနေဖြင့် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို  ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါကြောင်း။


မြန်မာနိုင်ငံ၌ လက်ရှိ အေအာတီဆေးသောက်သုံးနေသူများ၏ (၇၀) ရာခိုင်နှုန်းကျော်အား  အေအာတီဆေး (၆) လစာ ကြိုတင်ထုတ်ပေးခြင်း နည်းလမ်းဖြင့် အဆင်ပြေစွာ ဆေးဆက်လက် သောက်သုံးနေကြပြီ ဖြစ်သကဲ့သို့ မက်သာဒုန်းအစားထိုး တိုက်ကျွေးလျက်ရှိသူများ၏ (၉၀) ရာခိုင်နှုန်းကျော်ကိုလည်း ၎င်းတို့၏ နေအိမ်တွင်ပင် ဆေးသောက်သုံးနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သူများ၊ HIV ပိုးကူးစက်ခံရနိုင်ခြေ မြင့်မားသူများ၊ HIV ပိုးနှင့်အတူ ဒွန်တွဲရောဂါများခံစားနေရသူများ အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ရရှိစေရန် အလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအစည်းအဝေးမှတဆင့် ကမ္ဘာ့နိုင်ငံအားလုံး အနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်မည့် သင်ခန်းစာများ၊ နည်းလမ်းများရရှိနိုင်မည်ဖြစ်ပြီး လာမည့် (၂၀၃၀) ခုနှစ်တွင် HIV ရောဂါပိုးကူးစက်မှုကင်းဝေးသော လူအဖွဲ့အစည်း တစ်ရပ်ပေါ်ထွက်လာမည်ဟု မျှော်လင့်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ HIV / AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်များအတွက် Global Fund အဖွဲ့မှ (၂၀၁၁) ခုနှစ်မှ (၂၀၂၀) ခုနှစ်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၇၆ ဒသမ ၁)သန်း ထောက်ပံ့ပေးခြင်းနှင့် HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် UNAIDS အဖွဲ့က နည်းပညာ အထောက်အပံ့ပေးခြင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။


ထို့အပြင် (၂၀၂၁-၂၃) ခုနှစ် HIV / AIDS ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ (၁၂၈ ဒသမ ၇)သန်း ထပ်မံထောက်ပံ့ပေးရန် သဘောတူညီထားရှိမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ HIV / AIDS ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများသည် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် HIV ပိုးနှင့်နေထိုင်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အိပ်ခ်ျအိုင်ဗွီပိုးရှိနေသည့် အခြေအနေကိုသိရှိပြီး အဆိုပါလူများအနက်မှ ၉၁ ရာခိုင်နှုန်းမှာ လက်ရှိတွင် အေအာတီဆေးဖြင့် ကုသမှုခံယူလျက်ရှိပါကြောင်း၊ ပိုးကောင်ရေ စစ်ဆေးမှုခံယူသူများအနက်မှ ၉၄ ရာခိုင်နှုန်းမှာ ပိုးကောင်ရေ ထိရောက်စွာ ထိန်းချုပ်နိုင်လျက် ရှိပါကြောင်း၊ HIV အသစ်ဖြစ်ပွားမှုမှာ (၂၀၁၀) ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး၊ HIV / AIDS နှင့်နှီးနွှယ်ရောဂါများကြောင့် သေဆုံးမှုမှာ ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါကြောင်း၊ (၂၀၂၀) ခုနှစ်တွင် ဇွန်လကုန်ထိ HIV ပိုးနှင့် နေထိုင်သူ ခန့်မှန်းဦးရေ (၂၄၀,၀၀၀) အနက် ၇၉ ရာခိုင်နှုန်းအား အေအာတီဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ HIV ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မိခင်မှကလေးသို့ HIV ပိုး ကူးစက်မှုမှ ကာကွယ်ရေးစီမံချက်အား (၃၂၆) မြို့နယ်အထိ လွှမ်းခြုံနိုင်ခဲ့ပါကြောင်း၊ အထက်ပါအချက်အလက်များသည် မြန်မာနိုင်ငံ ခုခံကျ/ ကာလ သားရောဂါတိုက်ဖျက်ရေး၏ အောင်မြင်မှုများကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ ၎င်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်သည် Global HIV Prevention Coalition (GPC) တွင် ပါဝင်သော မဏ္ဍိုင်  (၅) ခုအား မိမိတို့နိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ ကူးစက်ဖြစ်ပွားမှုနှင့် လျော်ညီစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုနှုန်း မြင့်မားနေသည့် ဒေသများတွင် ဦးတည်အုပ်စုဝင်များနှင့် အခြားလူအုပ်စုများပါ ရောဂါကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ရရှိနိုင်စေရန် အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ HIV ကာကွယ်ရေးလုပ်ငန်းများအား အသက်အရွယ်အပိုင်းအခြားမရှိ လူတိုင်းလက်လှမ်းမှီ ရွေးချယ်ရရှိနိုင်ကြစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မူးယစ်ဆေးထိုးသွင်းသုံးစွဲခြင်း၏ ဆိုးကျိုးများကို လူတိုင်းသိရှိပြီး လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိစေရန်၊ အဓိကဦးတည်အုပ်စုများနှင့် လူငယ်လူရွယ်များအကြား HIV ကာကွယ်ရေးလုပ်ငန်းများကို (၉၅ ရာခိုင်နှုန်း) ရာခိုင်နှုန်းအထိ လက်လှမ်းမှီ ရရှိစေရန်နှင့် HIV / AIDS ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး လွှမ်းခြုံမှု ရရှိအောင် ဆောင်ရွက်ရန်တို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဆက်လက် ကူညီထောက်ပံ့ပေးသွားကြဖို့ တောင်းဆိုလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် လူတစ်ဦးချင်း၏ အခွင့်အရေးများ အပေါ်လည်း မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


အမျိုးသားမဟာဗျူဟာစီမံကိန်းအသစ် (၂၀၂၁-၂၀၂၅) နှင့်အညီ HIV / AIDS ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် HIV ပိုးနှင့်နေထိုင်သူများအပြင် ပြည်သူလူထူ၏ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း လွန်စွာအရေးပါကြောင်း၊ (၂၀၁၆) ခုနှစ်၊ ဇွန်လတွင် နယူးယော့မြို့၌ ကျင်းပပြုလုပ်ခဲ့သော United Nation General Assembly တွင် မြန်မာနိုင်ငံမှ ကတိပြုပြောကြားခဲ့သည့်အတိုင်း "HIV ပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာရေး (Ending HIV/AIDS as a public health threat)" နှင့် အညီ ပြည်သူ့ကျန်းမာရေးအား ခြိမ်းခြောက်လျက်ရှိသော HIV/ AIDS ရောဂါ အဆုံးသတ်ရေးအပြင် အခြားသော ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ဒေသတွင်း နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ UNAIDS နှင့် Global Fund အဖွဲ့တို့အနေဖြင့် လာမည့်နှစ်များတွင် နိုင်ငံများ၌ HIV / AIDS ရောဂါကာကွယ် တားဆီးရေးလုပ်ငန်း အစီအစဉ်များချမှတ်ရာတွင် သတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ရရှိလာသော အချက်အလက်များအား ပြန်လည်သုံးသပ်ပြီး ထိရောက်သော ကာကွယ်ရေးလုပ်ငန်းများ တုန့်ပြန်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း၊ စကားလုံးများဖြင့် လေ့လာသည့် သုတေသနနည်းလမ်း (Qualitative Research Method) များအသုံးပြုပြီး သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်ခြင်း၊ HIV/ AIDS ရောဂါအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အခြေအနေများအား နည်းစနစ်ကျကျ စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ရာတွင် ဆန်းစစ်အကဲဖြတ်မှုပုံစံ (Checklist) များ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန် အကြံပြုလိုကြောင်း ပြောကြားကြားသည်။


အဆိုပါ အစည်းအဝေးသို့ Global HIV Prevention Coalition (GPC) အဖွဲ့ဝင် နိုင်ငံပေါင်း (၂၈) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တက်ရောက်ခဲ့ပြီး (၂၀၂၁-၂၀၂၅) HIV/ AIDS ရောဂါ ကာကွယ်ရေး မဟာဗျူဟာနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်