ရန်ကုန် ၁၂ ဇန်နဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၌ ကျင်းပသော မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသန ပူးပေါင်းဆောင်ရွက်မှုစာတမ်းဖတ်ပွဲ Myanmar-Australia Research Collaboration for Health (MARCH) symposium သို့ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဩစတြေးလျနိုင်ငံ၊ University of New South Wales မှ Kirby Institute နှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်တို့ ၂၀၁၇ ခုနှစ်မှ စတင်ကာ သဘောတူညီမှု စာချွန်လွှာရေးထိုး၍ သုတေသနကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများသည် တက္ကသိုလ်အတွက်သာမကဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက်ပါအကျိုးရှိပါကြောင်း၊ သုတေသန ရလဒ်နှင့် တွေ့ရှိချက်များမှတဆင့် ပြည်သူများအတွက်စောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဖြေရှင်းဆောင်ရွက်ချက်များကို ပံ့ပိုးပေးနိုင်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကိုအားပေးဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ သုတေသနရန်ပုံငွေ ကျပ်သန်း (၆၀ဝ၀) အထိ သိသာစွာတိုးမြှင့် ခွင့်ပြုချ ထားပေးခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ် များတွင် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့များ ဖွဲ့စည်း၍ သုတေသနများစနစ်တကျဆောင်ရွက်နိုင်ရန် စီမံခြင်း၊ ကျန်းမာရေးသုတေသန မှတ်ပုံ တင်စနစ် (Myanmar health research registry)နှင့် သုတေသနသတင်းအချက်အလက်စနစ် တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုသုတေသနစာတမ်းဖတ်ပွဲ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သော “ကျန်းမာရေးရလဒ်များ တိုးတက်ကောင်းမွန်ရေး (improving the health outcome)” နှင့်အညီ ဝန်ကြီးဌာန၏ သုတေသန ရန်ပုံငွေများကိုအသုံးချ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် တိုက်ရိုက်အကျိုးရှိသော အသုံးချသုတေသနများကို ပိုမိုဆောင်ရွက်သွားစေလိုပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲတွင် မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသနပူးပေါင်းဆောင်ရွက်မှု (MARCH) ၏ အောင်မြင်မှုအခြေအနေများ၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အသည်းရောင်အသားဝါ (စီ) ရောဂါစသည့် ကူးစက်ရောဂါများ၊ ပဋိဇီဝဆေးယဉ်ပါးမှု၊ ဓာတ်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုစသည်တို့နှင့် ပတ်သက်သည့် သုတေသနဆိုင်ရာ တင်ပြဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း။

မျိုးဆက်သစ်ဆေးပညာရှင်များကိုလည်း သုတေသနစွမ်းဆောင်ရည်များ မြင့်မားရေး အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် သုတေသနကို ပိုမိုစိတ်ဝင်စားသိရှိစေရန်နှင့် ဆောင်ရွက်သည့် အလေ့အကျင့်များတိုးပွား လာစေရန်အတွက် -သုတေသနတင်ပြမှုစွမ်းဆောင်ရည်၊ သုတေသနအဆိုပြုလွှာရေးသားမှု၊ သုတေသန အဆိုပြုလွှာအပေါ် ဝေဖန်ဆွေးနွေးမှု၊ သုတေသနတင်ပြမှုအပေါ် မေးမြန်း ဆွေးနွေးမှုများကို တက္ကသိုလ်အလိုက်သော်လည်းကောင်း၊ တက္ကသိုလ်အချင်းချင်းလည်းကောင်း ပြိုင်ပွဲသဖွယ်ကျင်းပသွားစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စအင်ဒရီယာဖော့စ်နာ၊ Kirby University မှ Professor Anthony Kelleher တို့ကအမှာစကား ပြောကြားကြပြီး ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ အေးထွန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သုတေသနစာတမ်းများ၊ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) သို့သွားရောက်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်ဆိုင်ရာသင်တန်းများအောင်မြင်ပြီးစီး၍ ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့ရရှိသူ (၄) ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ရရှိသူ (၃၆) ဦး၊ ဆေးရုံအုပ်ချုပ်မှု ပညာမဟာဘွဲ့ရရှိသူ(၁၄) ဦးနှင့်ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ မဟာဘွဲ့ ရရှိသူ (၂၂) ဦးတို့နှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

 

a

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (အစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာန) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင် တို့က ပါရဂူဘွဲ့နှင့် မဟာဘွဲ့သင်တန်းများ အောင်မြင်ပြီးမြောက်ခဲ့သူများအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဌာနအလိုက် သက်ဆိုင်ရာ လုပ်ငန်းခွင်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရရှိခဲ့သူများက သက်ဆိုင်ရာ သင်တန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး အကြံပြုချက်များနှင့် အထွေထွေတင်ပြချက်များကို ဆွေးနွေးတင်ပြခဲ့ ကြကြောင်း သိရသည်။

(သတင်းစဉ်)