နေပြည်တော် ၁၁ ဩဂုတ်
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အစည်းအဝေး (၂/၂၀၂၀) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသည့် နေ့စဉ်စားသုံးနေရသော အစားအစာများ၊ အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲရသည့် ဆေးဝါးများနှင့် အလှကုန်/ လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်မှာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ တာဝန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများပါဝင်သည့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့အနေဖြင့် ကျန်းမာရေးရှုထောင့်သာမက ဥပဒေရေးရာ၊ စီးပွားရေးရာ၊ သွင်းကုန်၊ ထုတ်ကုန်ရေးရာ အပါအဝင် ဘက်စုံ၊ ရှုထောင့်စုံမှ စဉ်းစားသုံးသပ်ပြီး မူဝါဒများချမှတ်ခြင်း၊ အကြံဉာဏ်များပေးခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များကို ချမှတ်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း။
ဤအဖွဲ့မှ ချမှတ်သော မူဝါဒနှင့် လုပ်ငန်းစဉ်များသည် ပြည်သူများ၏ ကျန်းမာရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပါကြောင်း၊ ဤအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော အမျိုးသားဆေးဝါးဥပဒေ၊ အမျိုးသားအစားအသောက်ဥပဒေ၊ နှီးနွှယ် ဥပဒေများနှင့် အမိန့်ကြော်ငြာစာများကို မှီငြမ်းပြု၍ ဆုံးဖြတ်ချက်၊ အကြံပြုချက်များကို ပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဝင်များ အနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန် ထိရောက်စေရေးအတွက် တိကျသောအကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်တွင် ရောင်းချနေသော အစားအသောက်နှင့် ဆေးဝါးနမူနာများကိုရယူပြီး ပုံမှန်စစ်ဆေးမှု၊ ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်းတို့ကို ယခုထက်ပို၍ အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆေးပစ္စည်းဥပဒေနှင့် အလှကုန်ပစ္စည်းဥပဒေများကိုလည်း သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ပါကြောင်း။
ဆေးဝါး၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများဆိုင်ရာ နည်းဥပဒေများ ဆက်လက်ရေးဆွဲရာတွင် အာဆီယံဒေသတွင်း သဘောတူညီချက်များအပြင် နိုင်ငံ၏ လိုအပ်ချက်၊ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီပြီး လက်တွေ့အမှန်တကယ် ဆောင်ရွက်နိုင်ရန် ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ဆေးဝါး၊ အစားအသောက်နှင့် အလှကုန်ပစ္စည်း တင်ပို့ရောင်းချသူများ၊ လက်လီ/ လက္ကားရောင်းချသူများ အနေဖြင့်လည်း အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ပစ္စည်းများကိုသာ ကျင့်ဝတ်နှင့် အညီရောင်းချစေလိုပါကြောင်း၊ ပြည်သူများတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်များနှင့် ပတ်သက်၍ မှန်ကန်သော ကျန်းမာရေးအသိပညာ ကြွယ်ဝမှုရှိပါက ကျန်းမာရေးနှင့်မညီညွတ်သည့် ဘေးအန္တရာယ်ရှိသည်များကို အသုံးပြုခြင်းမှ ရှောင်ရှားကြမည်ဖြစ်ပါကြောင်း၊ အမျိုးသားဆေးဝါးဥပဒေ၊ အမျိုးသား အစားအသောက်ဥပဒေတို့တွင် ပါဝင်သော အချက်များအား ထုတ်လုပ်သူများ၊ ရောင်းဝယ်သူများနှင့် ပြည်သူများနားလည်ရလွယ်ကူသည့် အသုံးအနှုန်းများဖြင့် ပြုစုရေးသားကာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် မိမိဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သတင်းလွှာအဖြစ် (၄)လလျှင်တစ်ကြိမ်ခန့် ပြုစုထုတ်ဝေစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အသေးစားနှင့် အလတ်စား စားသောက်ကုန်ထုတ်လုပ်ငန်းများ ကောင်းမွန်သော သန့်ရှင်းမှု အလေ့အကျင့်နှင့်အညီ ထုတ်လုပ်စေရန်နှင့် လူအများနေ့စဉ်စားသုံးနေသော ရေသန့်၊ စားသုံးဆီ၊ ငါးပိ၊ ငရုတ်သီးမှုန့် စသည့် စားသောက်ကုန်များ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးမှုများနှင့် ကြီးကြပ်မှုများကို ယခုထက်ပိုမိုအားဖြည့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဆိုင်ရာ ကွပ်ကဲမှုလုပ်ငန်းများ တိုးတက်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အစည်းအဝေး (၁/၂၀၂၀) မှ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အဆိုပြုဖွဲ့စည်းပုံတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာစိုးဝင်းက အစားအသောက် ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဆေးဝါးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဆေးပစ္စည်း/ အလှကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းက အလှကုန်ပစ္စည်းမှတ်တမ်းတင်ခြင်း ကိစ္စရပ်များကိုလည်းကောင်း၊ အထွေထွေဈေးကွက် ထောက်လှမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် တရားမဝင်ရောင်းချနေသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များနှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်