နေပြည်တော်  ၁၆   ဒီဇင်ဘာ

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည်မီရေးအတွက် အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်း အသိပေးမှု ဗဟိုအဆင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ၂၀၃၀ ခုနှစ်၌ ငှက်ဖျားရောဂါကင်းဝေးရန် ရည်မှန်း၍ ငှက်ဖျားရောဂါကင်းဝေးရေးစီမံကိန်း (၂၀၁၆ - ၂၀၃၀) ကို ရေးဆွဲ၍ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၌ Plasmodium falciparum ငှက်ဖျား ရောဂါကင်းစင်ပပျောက်ရေးနှင့် ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါအမျိုးအစား အားလုံး ကင်းစင်ပပျောက်ရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း () သိန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၉၇၂ ဦးရှိခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၇၆၅၁၈ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၁၉ ဦးအထိ လျော့နည်းလာခဲ့ပြီး အဆိုပါငှက်ဖျားရောဂါ ဖြစ်ပွားသူများ၏ ၆၄ ရာခိုင်နှုန်းသည် မြို့နယ် (၁၂) မြို့နယ်၌ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း။

ရေးဆွဲချမှတ်ထားသော ငှက်ဖျားရောဂါ ကင်းဝေးရေးစီမံကိန်းများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် လေ့လာထားရမည်ဖြစ်ကြောင်း၊ ရေးဆွဲထားသော ငှက်ဖျားရောဂါကင်းဝေးရေး လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကို ဆန်းစစ် သုံးသပ်ချက်များပြုလုပ်၍ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီရေးအတွက် မွမ်းမံ ပြင်ဆင်သင့်သည်များကို မွမ်းမံ၍ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍဆေးရုံ၊ ဆေးခန်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၏ ဝန်ကြီးဌာနနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်မှုနှင့် အောင်မြင်မှုများကို ဆန်းစစ်သုံးသပ်ရာတွင် ကိုက်ညီရမည့်အချက်များ စာရင်းကိုပြုစုကာ အသုံးချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သီက မြန်မာနိုင်ငံ ငှက်ဖျားရောဂါကင်းဝေးရေး အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ကင်းဝေးရေး လမ်းပြမြေပုံနှင့် ရေးဆွဲလျက်ရှိသော ငှက်ဖျားရောဂါကင်းဝေးရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၁ - ၂၀၂၅) တို့ကို ရှင်းလင်းတင်ပြပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာ စောလွင်က ငှက်ဖျားရောဂါကင်းဝေးရေး ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သတင်းစဉ်