နေပြည်တော်  ၁၃   စက်တင်ဘာ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ရေနံသာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး "ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်)" အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။


ရှေးဦးစွာ ရေနံသာ အနာကြီးရောဂါအထူးကုဆေးရုံကြီး၏ ဆေးရုံအုပ်ဒေါက်တာ ခင်မို့မို့က အနာကြီးရောဂါလူနာနှင့် အနာကြီး ရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု ဖြစ်ပွားသူ လူနာများကို ကုသပေးနေမှု၊ ခြေတုတပ်ဆင်ပေးခြင်း လုပ်ငန်းနှင့် အကြောအဆစ်ပြန်လည် သန်စွမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းအင်အားနှင့် အဆောက်အဦများ အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီး အပါအဝင် ဝန်ထမ်းများ အားလုံးက စိတ်စေတနာပြည့်ဝစွာဖြင့် ကြိုးစားဆောင်ရွက် ပေးနေသည်ကို တွေ့ရှိရသည်မှာ အလွန်ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂၀၁၈ ခုနှစ် စာရင်းအရ လူဦးရေ (၁၀ဝ၀)လျှင် (ဝ ဒသမ ၃၉)ဦးသာ ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နှစ်စဉ်အနာကြီးရောဂါ လူနာသစ် (၂၀ဝ၀) ဦးခန့် ရှိနေသေးသောကြောင့် အနာကြီး ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။


ဤရေနံသာ ဆေးရုံကြီးကို အနာကြီးရောဂါလူနာကုသရေးနှင့် ဆက်စပ်လုပ်ငန်းများကို သာမက အခြားကိုယ်အင်္ဂါ မသန်စွမ်းလူနာအမျိုးမျိုးကိုလည်း ပြုစုကုသပေးနိုင်သည့် ပြန်လည် သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) အဖြစ် တိုးချဲ့ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများ၊ အဆောက်အဦများနှင့် စက်ပစ္စည်းကိရိယာများကို ဝန်ကြီးဌာနက ဦးစားပေးအစီအစဉ်ဖြင့်(၂၀၁၉-၂၀၂၀)ခုဘဏ္ဍာနှစ်တွင် ဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း။


ဤဆေးရုံကြီးကို အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ (ရန်ကုန်)ကဲ့သို့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုအမျိုးမျိုးပြုလုပ်ပေးနိုင်သော အဆင့်အတန်းရှိသည့် ဆေးရုံ ကြီးတစ်ခုဖြစ်လာစေရန် ဝန်ကြီးဌာနမှ လိုအပ်ချက်များကို အဆင့်လိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံအုပ် (ရန်ကုန်) တို့မှပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက်မြန်မာပြည်) အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် အထွေထွေအကြံပြု ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံသာအနာကြီး ရောဂါအထူးကုဆေးရုံရှိ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓါတ်ခွဲဌာန၊ အကြောအဆစ်ကုဌာန၊ ခြေတုလက်တုနှင့် အားပြု ကိရိယာဌာနခွဲ၊ ခြေတုလက်တုထုတ်လုပ် တပ်ဆင်ဌာနခွဲ၊ ဖိနပ်ချုပ်လုပ်ငန်းဌာန ခွဲများသို့ လှည်လည်ကြည့်ရှု၍ မော်တော်ယာဉ်၊ ဓါတ်မှန်စက်အသစ် အပါအဝင် လိုအပ်သည်များ ကို ပံ့ပိုးဖြည့်ဆည်းပေးသည်။


ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပသော ကမ္ဘာ့ချန်ပီယံများနှင့် အာရှနိုင်ငံများပါဝင်သော ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ (Mandalay IBSF World Billiards and Snooker Championship 2019) သို့ သွားရောက်၍ ယှဉ်ပြိုင်နေသော ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမင်းနိုင်နှင့် နိုင်ငံတကာ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် (IBSF) ဒုတိယဥက္ကဋ္ဌ Mr. James Leacyတို့နှင့် တွေ့ဆုံဆွေးနွေးသည်။ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၁) နိုင်ငံမှဘိလိယက်နှင့် စနူကာ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ (၉)ရက်မှ (၂၅)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)