နေပြည်တော် ၁၂ ဧပြီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှု အထောက်အကူပြု ပညာရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် လူမှုရေး အဖွဲ့အစည်းများ ညီညွှတ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနှင့်မတူဘဲ ထိုင်းနိုင်ငံမှ နိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ အစုလိုက် အပြုံလိုက် ပြန်လာမှုများကို လက်ခံလျက်ရှိနေပါကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရာနေရာများတွင်လည်း စည်းကမ်းလိုက်နာ ဆောင်ရွက်ရေးသည် အထူးအရေးကြီးပြီး ပြန်လည်ဝင်ရောက်လာသူ မည်သူ့တွင်မဆို ရောဂါပိုး ပါရှိလာနိုင်သည်ဟူသော ထင်မြင်ချက်ဖြင့် အထူးသတိပြုကြရမည် ဖြစ်ပါကြောင်း၊ ယခုအခါ စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှု၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူမှုများကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆေး၊ ဆေးပစ္စည်းကိရိယာ၊ ရောဂါကာကွယ်ရေး အသုံးအဆောင်များ ပိုမိုရရှိလာသဖြင့် တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဌာနများနှင့် ညှိနှိုင်းကာ လိုအပ်သည့် နေရာများသို့ ဦးစားပေးအလိုက် ပေးပို့လျက်ရှိပါကြောင်း၊ မြဝတီခရိုင် ဆေးရုံကြီး၏ ကိုဗစ်-၁၉ လူနာများ ကုသမှုပေးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကိုလည်း ကျေနပ်မှုရှိပါကြောင်း၊ ပိုမိုကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆေးရုံပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ ဖြည့်ဆည်း ဆောင်ရွက်သည်။
ထို့နောက် ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား (၂၆၅) ဦးအား အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု လျက်ရှိရာနေရာ (quarantine site) ဖြစ်သည့် မြဝတီမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(၁)သို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးပြီး မြဝတီ-မဲဆောက်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) သို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွှယ်ဌာနများ ပူးပေါင်း ဆောင်ရွက်မှုနှင့် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်ရန် စာရင်းမှတ်တမ်းများ စနစ်တကျ ပြုစုရေးအတွက် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့နှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိသူ မြန်မာနိုင်ငံသားများအား သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံမှပြန်လာသူ မြန်မာနိုင်ငံသား (၈၃၈) ဦးအား အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက် ရှိရာနေရာ (quarantine site) ဖြစ်သည့် မော်လမြိုင်တက္ကသိုလ်၊ အဆောင်များသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနများမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


