နေပြည်တော် ၃ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)၌ ဆေးရုံအုပ်ကြီး၊ ဒုတိယဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ၊ သူနာပြုအုပ်ကြီး၊ သူနာပြုဆရာမကြီး၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းအစီအစဉ်သစ်များကို အစပျိုး စတင်ဆောင်ရွက်ခြင်းနှင့် ယခင်ရှိပြီးသားလုပ်ငန်းများ ကို အစမှထပ်ကျော့ဆောင်ရွက်ခြင်းတို့ကို အဓိကထားပြုလုပ်မည်မဟုတ်ဘဲ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် အစီအစဉ်များကိုသာ လိုအပ်သလို အနည်းငယ်ပြုပြင် မွမ်းမံပြီး ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဆေးရုံများသို့ ကွင်းဆင်း၍ လက်တွေ့လုပ်ငန်းခွင် လိုအပ်ချက်များကို ပံ့ပိုးဖြည့် ဆည်း ဆောင်ရွက်သွားမည့်နည်းတူ ဆေးရုံရှိ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြုပညာရှင်များ၊ ဝန်ထမ်းများသည် အချင်းချင်း အလွတ်သဘော ပုံမှန်တွေ့ဆုံကာ ဆေးရုံလုပ်ငန်းများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀ဝ၀)၏ ဆေးရုံနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းရေးများကို အလေးပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးကို နေပြည်တော် အနီးတစ်ဝိုက် အပါအဝင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက အားကိုးအားထားပြု၍ ကုသမှုခံ ယူလျက်ရှိခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးများနည်းတူ အဓိက ဆေးရုံကြီးဖြစ်လာရန် ဝန်ကြီးဌာနမှ အလေးပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ကာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံတွင် သံလိုက်လွန်လိုင်းဖြင့် ပုံရိပ်ဖော်ရောဂါရှာဖွေစက် အသစ်တစ်လုံး အမြန်ဆုံးတပ်ဆင်ရန်လိုအပ်မှု၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှု၊ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်ဖြင့် ကုသပေးနေမှု၊ နိုင်ငံတကာ ဆေးရုံများ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ အထူးကြပ်မတ် ကုသဆောင်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဝန်ထမ်းရေးရာများနှင့် အခြား လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ (၆)ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အလုပ်သင်ဆရာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ဆိုင်ရာနေရာဒေသများတွင် တာဝန်ချထားမည့်သူ (၂၂) ဦးကို နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအလုပ်သင်ဆရာဝန် တာဝန်ထမ်းဆောင်ပြီး သူများအနေဖြင့် မိမိတို့၏ နေရာဒေသများတွင် သွားရောက်၍ ဝန်ကြီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စေတနာထား၍ လူနာများကို မိမိတို့၏ မိဘ၊ ဆွေမျိုးများသဖွယ် သဘောထားကာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားကြသည်။
သတင်းစဉ်