နေပြည်တော် ၂၈ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ ကိုဗစ်-၁၉ လူနာဆောင်များ၊ အထူးကြပ်မတ် ကုသဆောင်များနှင့် အထူးကူးစက်လူနာဆောင်များသို့ လှည့်လည်ကြည့်ရှုသည်။
ထိုသို့လှည့်လည်ကြည့်ရှုရာတွင် ဆေးရုံအုပ်ကြီး(တာဝန်) ဒေါက်တာအောင်လင်းအေး၊ ပါမောက္ခ ဒေါက်တာ တင့်တင့်ကြည်၊ ပါမောက္ခ ဒေါက်တာကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ သံသယလူနာများ သီးခြားထားရှိကုသရန် (၄၄) ခုတင်၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ သီးခြားထားရှိ ကုသရန် (၈၀) ခုတင်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထားရှိကုသရန် (၁၆) ခုတင်နှင့် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအား အထူးကြပ်မတ်ကုသရန် (၉) ခုတင် ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင်ပေးကုသရန် အောက်ဆီဂျင်ပွိုင့် (၁၀၁) ခု၊ အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှူစက် (၉) လုံးနှင့် စက်ပစ္စည်းများ လက်ရှိတွင် တပ်ဆင်ထားရှိမှုနှင့် အောက်ဆီဂျင်ပေးကုသရန် အောက်ဆီဂျင်ပွိုင့် (၄၄) ခုနှင့် အသက်ရှူစက် (၆) ခုတို့ တပ်ဆင်သွားမည့် အစီအစဉ်တို့ကို လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် တွေ့ဆုံရာ၌ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသော ပြည်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ် (၇)ခုမှ ပြည်သူများက အားကိုးအားထားပြုကာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိသည့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှု အထောက်အကူပြုပညာရှင်များနှင့် ဝန်ထမ်းများအားလုံး၏ အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုပေးနေခြင်းကို အသိအမှတ်ပြုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အဆင့်တန်းတူ ဆေးရုံကြီးအဖြစ်သာမက စံနမူနာပြဆေးရုံကြီး ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထပ်မံလိုအပ်မည့် ပစ္စည်းကိရိယာများပံ့ပိုးပေးပြီး ဝန်ထမ်းများအားလည်း ဆက်လက်ခန့်ထားသွားမည် ဖြစ်ပါကြောင်း၊ ဆေးရုံတစ်ရုံ၏ သဘောသဘာဝအရ ရာထူးအဆင့်အမျိုးမျိုးသော ဝန်ထမ်းများသည် သက်ဆိုင်ရာ တာဝန်အသီးသီးကို ဆောင်ရွက်နေရာ၌ ဝန်ထမ်းအမျိုးအစား တစ်မျိုးစီ၏ အရေးပါမှုသည် ညီတူညီမျှ အရေးကြီးပါကြောင်း၊ ဆေးရုံကြီးမှ စီမံခန့်ခွဲမှုတာဝန်ရှိသူများနှင့် ကုသမှုပါမောက္ခများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ပညာရှင်များသည် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ခြင်း၊ ပွင့်လင်းစွာဖြင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ကို မိမိတို့ သိရှိနေရပါကြောင်း၊ ဆေးရုံအထောက်အကူပြုအဖွဲ့နှင့်လည်း အမြဲတမ်းဆွေးနွေးတိုင်ပင်ကာ ဆေးရုံကြီး၏ ရှုထောင့်မျိုးစုံမှ ထပ်မံလိုအပ်ချက်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။
ဆေးရုံကြီးရှိ တန်ဖိုးကြီး ဓာတ်ခွဲ၊ ဓာတ်မှန်စက်ပစ္စည်းများ အပါအဝင် စက်ပစ္စည်းကိရိယာများ ပုံမှန် ထိမ်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ စနစ်တကျသုံးသပ်ပြီး စက်ပစ္စည်းများ အမြဲတမ်းလည်ပတ်နေရန်အတွက် ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးရုံတစ်ရုံ၏ သတင်း အချက်အလက်စနစ်သည် ဆေးရုံတိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု ပီပြင်ရန်အတွက် အလွန်အရေးကြီး သည့်အတွက် မိမိတို့ဗဟိုမှနေ၍ ဦးစားပေး၍ ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ လူနာစောင့်များနှင့် လူနာများ ဆေးရုံစည်းကမ်း လိုက်နာရေးအတွက်ကိုလည်း ယခုဆောင်ရွက်နေသည့် ပုံစံအတိုင်းမပြုလုပ်ဘဲ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် ပုံစံမျိုးဖြင့် ဆောင်ရွက်ရန် မိမိတို့ စဉ်းစားလျက်ရှိပါကြောင်း ယခုတွေ့ဆုံရာတွင် လိုအပ်သည်များ ပွင့်လင်းစွာပြောကြား စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက ဆေးရုံကြီးရှိ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဆေးရုံသတင်းအချက် အလက်စနစ်အား အင်တာနက်ဝက်ဘ်ဆိုက် အခြေပြု (web-based) စနစ်ဖြင့် ဆောင်ရွက်ထားရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်လိုမှု၊ ဆေးဝါးများဝယ်ယူရာ၌ အချို့သောဆေးဝါးများသည် တင်ဒါခေါ်ယူရာတွင် ဝင်ရောက်ပြိုင်ခြင်းမရှိသဖြင့် သီးခြားဝယ်ယူရန် လိုအပ်မှုနှင့် ထပ်မံလိုအပ်သည်များအား တင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံသတင်းအချက်အလက် စနစ်အား အဆင့်မြင့်တိုးချဲ့ဆောင်ရွက်ရန်မှာ အရေးကြီးသဖြင့် ဝန်ကြီးဌာနရှိ ကျန်းမာရေး သတင်းအချက် အလက်ဌာနခွဲနှင့် eHealth Unit တို့မှ တာဝန်ရှိသူများနှင့် အမြန်ဆုံးဆွေးနွေးဆောင်ရွက်စေ မည်ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာအမျိုးမျိုးအတွက် ဆေးဝါးများပြတ်လပ်မှုမရှိရန် လိုအပ်သည့် ဆေးဝါးများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံရှိ လူနာ များပြားစွာတက်ရောက်သော ဆေးရုံများကို ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရန် ပိုမိုတိုးမြှင့်ချထားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


