နေပြည်တော်  ၁၀  မတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ် ၉ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးနှင့် ဒါယကာ၊ ဒါယိကာမများက ဆောက်လုပ်လှူဒါန်းခဲ့သော (၄)ထပ် ဆေးရုံ အဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

health1234

 

ထို့နောက် ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးတင်ပြသည့် ပဲခူးဆေးရုံကြီးကို သင်ကြားရေး ဆေးရုံကြီးတစ်ခု ဖြစ်လာစေရေးအတွက် ဝန်ကြီးဌာနမှ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းကာ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ခွေးကိုက်ခံရသူများ ခွေးရူးပြန်ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် Dog bit treatment center ဖွင့်လှစ်လိုမှုကိုလည်း သဘောတူ ခွင့်ပြုပါကြောင်း၊ ပဲခူးဆေးရုံကြီးရှိ ဝန်ထမ်းအိမ်ရာများ အကြီးစားပြုပြင်ခြင်းလုပ်ငန်း၊ မွေးကင်းစ ကလေးလူနာဆောင်အသစ်၊ ဆေးနှင့် ဆေးပစ္စည်း သိုလှောင်ရုံအသစ် ဆောက်လုပ်ရန် လိုအပ်ချက်များကို တတ်နိုင်သမျှ ဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်၌ ပဲခူးဆေးရုံကြီး အပါအဝင် ဆေးရုံအသီးသီးအနေဖြင့် COVID-19 ရောဂါလူနာ စတင်တွေ့ရှိပါက ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားရမည်ဖြစ် ကြောင်း၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် သင်ကြားရေး ဆေးရုံကြီးတစ်ခုဖြစ်အောင် ဝန်ကြီးဌာနမှ ဦးစားပေးအစီအစဉ်ဖြင့် အဆင့်လိုက် ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

သတင်းစဉ်