ရန်ကုန် ၈ ဇန်နဝါရီ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) (HelpAge International Myanmar)တို့ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ Best Western Green Hill Hotel ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ Advanced Epidemiology Training : Multilevel modeling course သင်တန်းတွင် အမှာစကား ပြောကြားသည်။

 

5411

 

ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် ကျန်းမာရေး သတင်းအချက်အလက်များနှင့် သုတေသနတွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု၊ ကျန်းမာရေးပြဿနာများနှင့် အခြားအခြေအနေအရပ်အရပ်ကို ချိတ်ဆက်ဝေဖန်ပိုင်းခြားမှုတို့မှတစ်ဆင့် ရောဂါနှင့် ကျန်းမာရေး ပြဿနာများကို ဖြေရှင်းဆောင်ရွက်မှု၊ လုပ်ငန်းများ တိုးတက်ကောင်းမွန်မှုတို့အတွက် ပိုမိုတိကျသော ကောက်ချက်ချပံ့ပိုးမှုများ ပေးအပ်နိုင်ရန်အတွက် အဆင့်ဆင့် သုံးသပ်ဆန်းစစ်ခြင်း နည်းလမ်းများကို သင်ကြားပေးသည့် သင်တန်းဖြစ်ပါကြောင်း။

ထို့ပြင် ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့် ဆေးပညာသင်ကြားရေးကဏ္ဍအတွက် လည်းကောင်း၊ လူမှုဗေဒနှင့် ဆက်နွှယ်သည့် ကျန်းမာရေးကဏ္ဍတို့အတွက် လည်းကောင်း များစွာအကျိုးရှိသော သင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်း၌ သင်ကြားမည့် အကြောင်းအရာများသည် ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်တိုးတက်စေရေးနှင့် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထူးအသုံးဝင်ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပီပြင်စွာ အောင်မြင်စေရေးအတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ ဆရာဝန်များ၏ ပညာရပ်ဆိုင်ရာ အရည်အသွေးများ တိုးတက်စေခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၌ ပိုမိုအဆင့်မြင့်လာမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ၌ မဟာသိပ္ပံ (ကပ်ရောဂါဗေဒ) [M.Sc (epidemiology)] သင်တန်းဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ယခုသင်တန်းတက်ရောက်နေသူများ အနေဖြင့် အရည်အသွေးပြည့်ဝသော အကြံပြုချက်များပေးအပ်ရုံသာမက အဆိုပါသင်တန်း၌ သင်ကြားပို့ချသူများအဖြစ်ပါ ဆောင်ရွက်စေလိုပါကြောင်း၊ ယခုသင်တန်းတက်ရောက်သူများအနေဖြင့် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြစေလိုပြီး သင်တန်းတက်ရောက်မှုကို အကျိုးရှိထိရောက်စွာ အသုံးချစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ)၏ Country Director, Mr. Godfred Paul ၊ ဆွီဒင်နိုင်ငံ၊ Umea University မှ Professor Nawi Ng နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) မှTechnical Lead, Professor Anil Krishna တို့က သင်တန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ Sedona Hotel ၊ ရန်ကုန်၌ ကျင်းပသော “မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့အား ဂုဏ်ပြုပွဲ” သို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဒင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုးဝင်း၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်တင်၊ ဦးတင်အောင်နှင့် ဦးညီညီလွင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဒင်က အဖွဲ့ဝင်များကိုယ်စား ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့၊ အဖွဲ့ဝင် ဦးညီညီလွင်က အားကစားနှင့် ကာယပညာဦးစီးဌာနသို့ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လက်ခံခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်