ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက

နေပြည်တော် ၁၄ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အထောက်အကူပြုဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုသည်။

 

ထိုသို့သွားရောက်စဉ်တွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ကျဝန်ထမ်းများကို တွေ့ဆုံ၍ ဓာတ်ခွဲနမူနာ ရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားကူးစက်မှုမရှိစေရေး လိုက်နာကျင့်သုံးရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာစစ်ဆေးခံမည့် သူများအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ရောဂါပိုးကူးစက်ခံရမှု ရှိနေနိုင်သည်ကို အသိပညာပေး ပြောကြားရမည် ဖြစ်ပါကြောင်း၊ ရောဂါကူးစက်မှုခံရပါက ကူးစက်မှုခံရပြီး () ရက်မှ () ရက်အတွင်းတွင် ရောဂါပိုး တွေ့ရှိနိုင်ချေ အများဆုံးဖြစ်ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း ပေါ့ဆခြင်းမပြုဘဲ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆက်လက်လိုက်နာရန်မှာ အထူးအရေးကြီးသည်ကို မှာကြားစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိ၏ မိသားစု၊ မိတ်ဆွေများထံသို့ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းလုပ်ငန်းများကို စနစ်ကျစွာ စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း ပြောကြားသည်။

 

ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းများကို မေ ၁၃ ရက်တွင် လွှတ်တော် အထောက်အကူပြုဝန်ထမ်းများအား လည်းကောင်း၊ မေ ၁၄ ရက်နှင့် မေ၁၅  ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များအား လည်းကောင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်