နေပြည်တော် ၂၂ အောက်တိုဘာ

ရခိုင်ပြည်နယ် ကျန်းမာရေးကဏ္ဏ ဖွံ့ဖြိုးတိုးတက်မှု ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ဆွေးနွေးပွဲတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဌာနပေါင်းစုံ၊ ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ပြီး ရခိုင်ပြည်နယ် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေးကို ဦးတည်ဆွေးနွေးရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ ကျန်းမာရေးစီမံချက်အသီးသီး၏ မန်နေဂျာများ၊ ဌာနခွဲများမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ဌာနခွဲမှ ကျန်းမာရေး စီမံချက်မန်နေဂျာများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၏ လူမှုရေးဆိုင်ရာ ပဋိပက္ခနှင့် မတည်ငြိမ်မှုများ၊ လုံခြုံရေးဆိုင်ရာနှင့် အမြဲမပြတ်ပြောင်းလဲနေသော အခြေအနေများကို အလေးပေးထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ဆွေးနွေးပွဲများပြုလုပ်၍ လိုအပ်ချက်၊ အခက်အခဲနှင့် အမြင်များကို သိရှိဖော်ထုတ်နိုင်မည်ဖြစ်ပြီး မှန်ကန်သော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးသည် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပေါင်းကူးတံတားဖြစ်သည်ဆိုသည့်အတိုင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွေ့လျား ကျန်းမာရေးဆေးခန်းများသည် ယာယီကယ်ဆယ်ရေးစခန်းများနှင့် လူမှုရေးအခက်အခဲကြောင့် သွားလာရခက်ခဲသော ကျေးရွာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိရေးသည် အရေးကြီးသည့်အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်အောင် မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုပုံစံစစ်တမ်း (၂၀၁၇ - ၂၀၁၈)အရ ရခိုင်ပြည်နယ်သည် မိခင်နှင့် ()နှစ်အောက်ကလေးများတွင် အာဟာရချို့တဲ့မှုရာခိုင်နှုန်း များပြားနေသည် ကိုတွေ့ရှိရ၍ ပြည်နယ်အတွင်း အာဟာရဖွံဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲနှင့် စိန်ခေါ်မှုများရှိသော်လည်း တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေသော ဝန်ကြီးဌာနမှ ဝန်ထမ်းများကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ယခုညှိနှိုင်းဆွေးနွေးပွဲမှ ပေါ်ထွက်လာသော အကြောင်းအရာများ၊ အကြံပြုချက်တစ်ခုချင်းစီကို ဝန်ကြီးဌာနမှ အလေးပေးစဉ်းစား၍ ရခိုင်ပြည်နယ် ကျန်းမာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြည်နယ်ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးနေမှု၊ ပြည်နယ်အစိုးရအဖွဲ့မှ အလေးထားပံ့ပိုးပူးပေါင်းဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော စိန်ခေါ်မှု၊ အခက်အခဲနှင့် လိုအပ်ချက်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က မောင်တောဒေသ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ပြန်လည်ဝင်ရောက်လာသူများနှင့် ယင်းတို့နေထိုင် မည့်ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။

သတင်းစဉ်