နေပြည်တော် ၂၉ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချူပ် ဒေါက်တာထွန်းမြင့်က COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း ရောဂါကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှီးနွှယ်ဌာနဆိုင်ရာများအား အသိပေးဆွေးနွေးမှု၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျင်မြန်တုံ့ပြန်အဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ၏ သီးခြားထားရှိ ကုသမှုပေးမည့်နေရာများ စီစဉ်ထားရှိမှု၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို ဟိုတယ်များ၊ ကျောင်းများ၊ ရပ်ကွက်များ စက်မှုဇုန်များ၊ သားငါးစျေးများ၊ အိမ်ရာများ၊ လူစည်ကားရာ ဘုရားများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊ မြို့နယ်အလိုက် နေအိမ်တွင်ထားရှိ အသွားအလာ ကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Home Surveillance) များ ဆောင်ရွက်နေမှု၊ ခရီးသွားများဖြည့်စွက်သည့် Health Declaration Card များကို စိစစ်သုံးသပ်၍ လူနာနှင့် အနီးကပ်ထိတွေ့သူများအား ရှာဖွေဖော်ထုတ်ခြင်း (Contact Tracing) ကို ကွင်းဆင်းဆောင်ရွက်ခဲ့မှု စသည်လုပ်ဆောင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ် အဆင့်များအလိုက် ကျွမ်းကျင်မှုဆိုင်ရာမှ ဗဟိုမှချမှတ်ပေးထားသော လုပ်ငန်း လမ်းညွှန်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေကြသော ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံနှင့် ပြည်ပ နိုင်ငံများအကြား ဆက်သွယ်နေသော အဓိက ဝင်၊ ထွက် ပေါက်ဖြစ်သည့်အတွက် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အထူးအရေးကြီးသော တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများ ပီပြင်လျှင်ပီပြင် သကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတကာမှ ခရီးသည်များ ပြည်တွင်းသို့ အဓိက ဝင်ရောက်ရာ ဝင်ပေါက်ဖြစ်သဖြင့် COVID-19ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် အထူးအရေးကြီးသော တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင် ရွက်မှုများဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသည်မှာ ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒနှင့်ကုသရေး ရှုထောင့်များမှ သုံးသပ်ပါက ကောင်းမွန်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ဆောင်ရွက်နေသည် ရောဂါကာကွယ်ထိန်းချုပ် မှုလုပ်ငန်းများ၊ အတွေ့အကြုံများကို ဝေမျှရမည်ဖြစ်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များ ကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၏ နေရာဒေသအခြေအနေများနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများကို အတုယူလုပ်ဆောင်စေလိုပါကြောင်း၊ ထိုသို့ လုပ်ငန်းဆောင်ရွက်မှုများ အတွေ့အကြုံများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)တွင် လေ့လာ ဖတ်ရှုနိုင်ပါကြောင်း၊ ရောဂါကာကွယ်ရေးအတွက် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူများထံ ကျန်းမာရေး အသိပေးနှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးရန် ပြင်ဆင်ထားရှိခြင်း၊ ကောလာဟလ သတင်းမှားများကို ဖြေရှင်း ဆောင်ရွက်ခြင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် သံသယလက္ခဏာ လူနာများအား ကွင်းဆင်းရှာဖွေခြင်း စသည့် လုပ်ငန်းများကိုရရှိသည့် လူအင်အား၊ ဘဏ္ဍာငွေအင်အား၊ စက်ပစ္စည်းကိရိယာအင်အားများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ စွမ်းဆောင်ရည် အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းဆောင်ရွက် မှုများကို တိုက်ဆိုင်စစ်ဆေးရန်စာရင်း (checklist)များဖြင့် အမြဲမပြတ် ကြည့်ရှုဆန်းစစ် (monitor) နေရမည်ဖြစ်ပြီး လိုအပ်ချက်နှင့် အားနည်းချက်များကို ချက်ချင်း အားဖြည့်ဆောင် ရွက်ရမည်ဆိုသည့် လမ်းညွှန်ချက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များမှ တာဝန်ရှိသူ များအကြား အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ချိတ်ဆက်မှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်မှုရှိပါကြောင်း။
မြန်မာနိုင်ငံတွင် လက်ရှိ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မရှိသေးသော်လည်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်ဆိုသည့်အချက်ကို ပြည်သူလူထုများအားလုံး သိရှိ နိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆက်သွယ်အသိပေးပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လေကြောင်းခရီးဖြင့် အိမ်နီးချင်းနိုင်ငံများသာမက အလှမ်းဝေးသော နိုင်ငံများမှ ခရီးသည်များပါ နေ့ချင်းခရီးဖြင့် မိမိတို့နိုင်ငံသို့ ရောက်ရှိနိုင်သည့်အတွက် မိမိတို့နိုင်ငံ၌လည်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက်တွေ့ရှိနိုင်သဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို စနစ်တကျတင်းကျပ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တင်းကျပ်စွာ မဆောင်ရွက်ပါက သံသယလက္ခဏာလူနာများ လွတ်ထွက်သွားနိုင်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသော နိုင်ငံများမှ လေကြောင်း ခရီးစဉ် လာရောက်မှုများ တတ်နိုင်သမျှလျော့နည်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ လေကြောင်းခရီးဖြင့် လာရောက်သူများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ တည်းခိုနေထိုင်ရာနေရာ အတိအကျ၊ ပြည်တွင်း၌ သွားလာမည့်ခရီးစဉ်အတိအကျများအား စုံစမ်းမှတ်သား၍ သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပြီး ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊ နိုင်ငံတကာခရီးသည်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဝင်ရောက်သည့်အခါ ကျန်းမာရေးကြေညာချက် (health declaration card) တွင် ပါဝင်သော တည်းခိုနေထိုင်ရာနေရာ၊ ဖုန်းနံပါတ် စသည့်အချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ဖြည့်သွင်းခြင်းမရှိပါက ပြည်တွင်းသို့ လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မပြုရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားညှိနှိုင်းပြီးဖြစ်ပါကြောင်း။
ကျန်းမာရေးကြေညာချက် (health declaration card)ကို ဖြည့်သွင်းရာတွင် ခရီးသည် များ အဆင်ပြေစေရေးအတွက် မိမိတို့ လိုအပ်သော သတင်းအချက်အလက် အချို့ကိုသာ ဖြည့်သွင်းနိုင်ရန် ယနေ့ပင်ပြုပြင်မွမ်းမံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ်တိုင်းတွင် ကပ်ရောဂါအသွင်ပုံစံဖြစ်ပွားမှုများကို လျင်မြန်စွာ ကာကွယ်ထိန်းချုပ်ရေး အတွက် လျင်မြန်တုံ့ပြန်ရေးအဖွဲ့ (rapid response team)များ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မှာကောင်းမွန်ပါကြောင်း၊ အဆိုပါအဖွဲ့များကို ယခုဖြစ်စဉ်အတွက်သာမက နောင်ဖြစ်ပေါ်လာ နိုင်သည့် ဖြစ်စဉ်များအတွက်လည်း ဆက်လက်ဖွဲ့စည်းထားရှိရမည်ဖြစ်သည့်အပြင် အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းဆောင်ရွက်ရန်အတွက်လည်း အကြောင်းကြားမည် ဖြစ်ပါကြောင်း။
ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို မဟာဗျူဟာကျစွာ ဖြည့်ဆည်းဆောင်ရွက်ခြင်း သည် အရေးကြီးသဖြင့် လက်ရှိဝယ်ယူဖြန့်ဖြူးထားမှုများကို အမြန်ဆုံးသုံးသပ်ဆန်းစစ်မှုများ ပြုလုပ်၍ လိုအပ်မှုရှိပါက ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ နိုင်ငံတွင်း၌ COVID-19 ရောဂါ ပိုးစစ်ဆေးနိုင်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့မှု၊ လက်ရှိတွင် အန္တရာယ်ရှိသော ဓာတ်ခွဲ နမူနာများကို ကိုင်တွယ်စစ်ဆေးပေးနေမှု၊ ဝေဘာဂီအထူးကု ဆေးရုံကြီးအပါအဝင် ဆေးရုံများတွင် သံသယနှင့် စောင့်ကြည့်လူနာများအား ကိုယ်တိုင် ရောဂါကူးစက်ခံရ နိုင်ခြေရှိသည့် ကြားမှ ကြိုးပမ်းအားထုတ်ကုသမှု ပေးနေသည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူ ပြုပညာရှင်များ အားလုံးသည် ပြည်သူများအကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း။
ဝေဘာဂီအထူးကုဆေးရုံနှင့် မန္တလေးမြို့ ကန်တော်နဒီကူးစက်ဆေးရုံများတွင် လူနာများအား သီးခြားထားရှိ၍ ကုသမှုပေးရာတွင် နိုင်ငံတကာအဆင့်အတန်းမီဖြစ်စေရေးအတွက် ယခုဘဏ္ဍာနှစ်မှစ၍ အထူးဦးစားပေး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ ယခု COVID-19 ရောဂါဖြစ်စဉ်သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါဖြစ်စဉ်များ အတွက်ပါ အသင့်ပြင်ဆင်ကုသနိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသူများအား အောင်မြင်စွာကုသမှုပေးခဲ့သည့် နိုင်ငံများ၏ ကုထုံးပုံစံ နည်းစနစ်များကိုလည်း သိရှိလေ့လာ နိုင်ရန် မိမိလမ်းညွှန်ထားသည့်အတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ဆင့်ဆက်သွယ် ဆောင်ရွက်ထားသည်ကို တွေ့ရသဖြင့်ကျေနပ်ပါကြောင်း၊ ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ပြုစုရာတွင် ပြည်သူများ အလွယ်တကူနားလည်နိုင်စေရန်အတွက် ရိုးရှင်းသည့် ပုံစံဖြင့် သတင်းအချက်အလက် အနည်းငယ်ကိုသာ တိုက်ရိုက်ထည့်သွင်းရန် ဖြစ်ပါ ကြောင်း၊ ပြည်သူများထံ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၏ အကျိုးထိရောက်မှု၊ ပြည်သူများက ကျန်းမာရေးအသိပညာများကို လက်တွေ့အသုံးချမှု၊ ဉပမာ လူစုလူဝေးများကို ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး၊ နှာချေပါက ဖုံးအုပ်ခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်း စသည်တို့ကို လက်တွေ့ဆောင်ရွက်နေမှု ရှိ၊ မရှိကိုလည်း ဆန်းစစ်သုံးသပ်မှု၊ လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း။
ယခုအစည်းအဝေး၌ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများ ၏ အတွေ့အကြုံ၊ အခက်အခဲများနှင့် အကြံပြုတင်ပြချက်များကို သိရှိရသည့်အတွက် ဝန်ကြီး ဌာနမှ ထပ်မံထုတ်ဝေမည့် လုပ်ငန်းလမ်းညွှန်များတွင် မွမ်းမံပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များအတွက် ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ထမ်းများဖြင့် ထပ်မံအားဖြည့်ပေးမည် ဖြစ်ကြောင်း၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ (၄)ထပ်လူနာဆောင်သစ် ကိုလည်း အသွားအလာကန့်သတ် ရောဂါစောင့်ကြပ်ကြည့်ရှုမှု (quarantine) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိပြီး ထပ်မံလိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် အဝေးပြေးကားရပ်နားစခန်းများ၌ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများကို အရှိန်အဟုန် လုံးဝမလျှော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန်နှင့် ဝန်ကြီး ဌာနမှလည်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံ၊ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြကြသည်။
ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ကမ္ဘာကျန်းမာရေးအဖွဲ့မှ အသစ်ထုတ်ပြန်သော သံသယလူနာအဓိပ္ပါယ် ပြောင်းလဲသတ်မှတ်ခဲ့မှု၊ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားမှုအခြေအနေ၊ ကမ္ဘာကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များ မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် မြန်မာနိုင်ငံတွင် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကျန်းမာရေး၀န်ထမ်းများက ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ဒေါက်တာစိုးဦးက ဝန်ထမ်းရေးရာ၊ ဘဏ္ဍာငွေ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ထပ်မံ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများ၏ တင်ပြဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေဆိပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် Aerodrome Company တို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး လေကြောင်းခရီးမှတစ်ဆင့် ရောဂါအစပျိုးချိန်အတွင်း ရောဂါလက္ခဏာ မပြသသေးသော ရောဂါရှိသူများဝင်ရောက်လာနိုင်သဖြင့် လေဆိပ်ဝင်ပေါက် တွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းစဉ်များ၏ အရေးကြီးမှုကို ပြောကြားသည်။
ယင်းနောက် လေကြောင်းခရီးသည်များအနေဖြင့် ဝန်ကြီးဌာနမှ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကောက်ယူမွမ်းမံပြင်ဆင်ထားသော ကျန်းမာရေးကြေညာ ချက် (health declaration card) များကို လေယာဉ်ပေါ်တွင် လေယာဉ်မောင်၊ မယ်များ၏ အကူအညီဖြင့် အပြီးသတ်ပြည့်စုံစွာ ဖြည့်သွင်းကြရေး၊ နိုင်ငံတကာခရီးသည်များ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်သည့်အခါ ကျန်းမာရေး အသိပေးကြေညာချက် (health declaration card) တွင် ပါဝင်သော တည်းခိုနေထိုင်ရာ နေရာ၊ ဖုန်းနံပါတ်စသည့် အချက်များ ပြည့်စုံ မှန်ကန်စွာဖော်ပြ ဖြည့်သွင်းခြင်းမရှိပါက ပြည်တွင်းသို့ လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မပြုရေး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ခရီးသည်များစွာနှင့် ထိတွေ့နေရသည် ဖြစ်သဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက် တတ်သော ရောဂါများကူးစက်ခံရနိုင် ခြေမြင့်မားသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အသိပေးနှိုးဆော်ထားသည့် ကျန်းမာရေးအသိပေးချက်များကို လိုက်နာဆောင်ရွက်ရေး အပါအဝင် ရောဂါစောင့် ကြပ်ကြည့်ရှုမှုလုပ်ငန်းများ တွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက် ရန်နှင့် လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် Aerodrome Company တို့နှင့် လုပ်ငန်းဆိုင်ရာ အထွေထွေ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
သတင်းစဉ်