ရန်ကုန် ၉  ဖေဖော်ဝါရီ  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဖေဖော်ဝါရီ (၈) ရက် ညပိုင်းတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပခဲ့သည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် မွန်မြတ်သောရည်ရွယ်ချက်များဖြင့် ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့နှင့် အထူးပြုသူနာ ပြု ဒီပလိုမာဘွဲ့များရရှိခဲ့ကြသူများအား ဂုဏ်ပြုပါကြောင်း၊ သူနာပြုသိပ္ပံဘွဲ့ရရှိခဲ့သူများ အနေဖြင့် သူနာပြုပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာကြစေလိုပြီး မဟာ သိပ္ပံဘွဲ့များ၊ အထူးပြုဒီပလိုမာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိသည် အထိသံန္နိဋ္ဌာန်ချဆက်လက် ကြိုးပမ်းကြစေလိုပါကြောင်း၊ ဘွဲ့ရမောင်၊မယ်များအနေဖြင့် မိမိတို့၏ အနာဂတ်ရည်မှန်း ချက်ပန်းတိုင်များ အမြန်ဆုံးချမှတ်စေလိုပြီး ထိုသို့ချမှတ်ရာ၌ ဝါရင့်ဆရာ၊ဆရာမများ၊ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ချမှတ်စေလိုပါကြောင်း။

ယခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးသူနာပြုတက္ကသိုလ်များမှ သူနာပြုသိပ္ပံဘွဲ့ရ (၃၀၆) ဦးကို မွေးထုတ်ပေးခဲ့ပြီး ဝန်ကြီးဌာနမှ အဆိုပါသူနာပြုဘွဲ့ရများအားလုံးကို ယခုရက်ပိုင်း အတွင်း ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင်ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည်သာမက လက်တွေ့သူနာပြုစုမှုအတွေ့အကြုံများ ကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်များပြား သော သူနာပြုများ ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် သူနာပြုသိပ္ပံ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) on-campus နှင့် off-campus သင်တန်းများဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များပါဝင်ရေးဆွဲထားခဲ့သော သူနာပြုသိပ္ပံသင်ရိုးညွှန်းတမ်းသစ်ကို (၂၀၁၇) ခုနှစ်မှ စတင်အသုံးပြုသင်ကြားခြင်း၊ သူနာပြုသားဖွား သင်တန်းကျောင်းသစ်များ ဖွင့်လှစ်ခဲ့ခြင်းတို့နှင့်အတူ သူနာပြုသင်တန်းများ တက်ရောက်ခွင့်ရသူဦးရေကိုလည်း သိသာစွာတိုးမြှင့်ခေါ်ယူခဲ့ရာ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်နှင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တို့တွင် တစ်နှစ်လျှင် လူဦးရေ (၃၇၀ဝ) တက်ရောက်ခွင့်ပြုခဲ့ပါကြောင်း၊ လာမည့်ပညာသင် နှစ်တွင်လည်း လူဦးရေ (၄၅၀ဝ) အထိ တိုးမြှင့်ခေါ်ယူလေ့ကျင့်ပေးသွား ရန်စီစဉ်လျက်ရှိပါကြောင်း၊ သူနာပြုများသည် လုပ်ငန်းခွင်တွင် အလုပ်တာဝန်များပြားကာ အလုပ်ဝန်ပိနေသည်ကို သိရှိပါကြောင်း၊ သူနာပြုများအားကူညီပေးနိုင်ရန်အတွက် အကူသူနာပြုဦးရေ (၃၀ဝ) ကိုလည်း ရန်ကုန်၊ မန္တလေးဆေးရုံကြီးများနှင့် နေပြည်တော် ခုတင် (၁၀ဝ၀) ဆံ့ဆေးရုံကြီးများတွင် (၉) လတာသင်တန်းဖြင့် လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အဆိုပါ အကူသူနာပြုများအား ဝန်ကြီးဌာနဆေးရုံများတွင် ခန့်အပ်တာဝန်ချထားမည်ဖြစ်ပါကြောင်း၊ အကူသူနာပြုများ၏ ဘဝတက်လမ်း၊ ပညာဆက်လက်သင်ကြားရန် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း။

သူနာပြုများအနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေး၊ နိုင်ငံတကာပညာတော် သင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာရပ်ကိုလည်းကြိုးပမ်းဆည်းပူးကြ စေလိုပါကြောင်း၊ သူနာပြုများအနေဖြင့် သူနာပြုစုမှုပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြင့်မားနေစေရေးအမြဲ ကြိုးပမ်းနေရမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သူနာပြုကျင့် ဝတ်များကိုစွဲမြဲစွာလိုက်နာကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ ပညာရပ်ပိုင်းကျွမ်းကျင်မှုမြင့်မား ပြီး ကျင့်ဝတ်လိုက်နာသော၊ ပြည်သူများမှ ချစ်ခင်လေးစားအားကိုးသော သူနာပြုကောင်း များဖြစ်လာစေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သူနာပြုတက္ကသိုလ်  (ရန်ကုန်) ၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ မြတ်သန္တာက ဂုဏ်ပြုအမှာစကားပြောကြားသည်။

သူနာပြုတက္ကသိုလ် (ရန်ကုန်)၏ (၂၆) ကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင် သူနာပြုမဟာ သိပ္ပံသင်တန်းအောင်မြင်သူ (၄၂) ဦး၊ အရေးပေါ် သူနာပြုစုမှု ပညာဒီပလိုမာအောင်မြင်သူ (၄) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်းအောင်မြင်သူ (၁၉၉) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (on campus) သင်တန်းအောင်မြင်သူ (၂၁၀)၊ သူနာပြုသိပ္ပံ (ပုံမှန်) အောင်မြင်သူ (၁၂၃) ဦးနှင့် အထူးပြုသူနာပြု ဒီပလိုမာသင်တန်းအောင်မြင်သူ (၇၄) ဦးတို့ကိုဘွဲ့များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)