နေပြည်တော် ၆ အောက်တိုဘာ
တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အပါအဝင် ပြည်သူများအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေကြသည့် အခြေခံကျန်းမာ ရေး ပညာရှင်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီး ပါကြောင်း၊ ယနေ့တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုနှင့် အခက်အခဲများအား ပွင့်လင်းစွာဆွေးနွေး တင်ပြကြစေလိုပါကြောင်း၊ လုပ်ငန်းအတွေ့အကြုံများ ဝေမျှခြင်းဖြင့် မြို့နယ်တစ်ခုမှ ကောင်းမွန်သည့်လုပ်ဆောင် ချက်များအား အခြားမြို့နယ်များမှ အတုယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးချဆောင်ရွက်စေလိုပါကြောင်း။
အဆိုပါ Mobile Tablet များတွင် ပါဝင်သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် အညီလုပ်ငန်းဆောင်ရွက်ခြင်း၊ ပါဝင်သည့် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာ ဗဟုသုတများအား အသွားအလာ ကန့်သတ်ရာနေရာများတွင် လက်ကိုင်အသံချဲ့စက်ဖြင့် ပြောကြားခြင်းများ ပြုလုပ်စေလိုပါကြောင်း၊ ထို့ပြင် ၎င်း Mobile Tablet များတွင်ပါဝင်သည့် လုပ်ငန်းလမ်းညွှန်အမျိုးမျိုးနှင့် ရောဂါအမျိုးမျိုး ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးအသိပညာ ဗဟုသုတများကိုလည်း ပုံမှန်လေ့လာမှတ်သားကြစေလိုပါကြောင်း၊ အခြေခံ ကျန်းမာရေးပညာရှင်များသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေး အသိပညာ မြင့်မားရေးလုပ်ငန်းများတွင် အလွန်အရေးကြီးသောကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ ဖြစ်ပါကြောင်း၊ ဆီးချို၊ သွေးတိုး အစရှိသည့် မကူးစက်တတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ တီဘီ၊ ငှက်ဖျားနှင့် ခုခံကျ/ ကာလသား အစရှိသည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ သည်လည်း အရေးကြီးပြီး လုပ်ငန်းများအားနည်းပါက အဆိုပါရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုများ များပြားလာ မည်ဖြစ်ပါကြောင်း။
အသွားအလာကန့်သတ်ရာ နေရာများတွင်လည်း ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်ပွားသူများ ပါဝင်နေနိုင်သဖြင့် ၎င်းတို့၏ ဆေးဝါးပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးစီမံချက် မန်နေဂျာများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှ တစ်ဆင့်ပြောကြားလိုသည်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနည်းပါးသည့် မြို့နယ်များတွင် အဆိုပါ လုပ်ငန်းများအား လစ်ဟာမှုမရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မိမိနေအိမ်တွင်သာနေထိုင်ရေး အစီအစဉ် သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်၊ တွံတေး၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှိုင်၊ လှိုင်သာယာနှင့် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တို့မှ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူးအဆင့် (၁)၊ လက်ထောက်ကျန်းမာရေးမှူး၊ မြို့နယ်သူနာပြုဆရာမကြီး၊ ပြည်သူ့ကျန်းမာရေးဆရာမ၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)နှင့် (၂)များက ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူ အချို့၏ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကြောင့် တွေ့ကြုံရသည့်အခက်အခဲများ၊ အသွားအလာကန့်သတ်ရာ နေရာများနှင့် လတ်တလော အနံ့ပျောက်လက္ခဏာ ခံစားရသူများအား ထားရှိရာနေရာများတွင် ကျန်းမာရေး ဝန်ထမ်းများအား အဖွဲ့များဖွဲ့ကာ တာဝန်ထမ်းဆောင်နေမှု၊ သင်တန်းပြီးမြောက်ထားသည့် အခြေခံကျန်းမာရေး ပညာရှင်များက မြို့နယ်အလိုက် အဖွဲ့များဖွဲ့ကာ ဓာတ်ခွဲနမူနရယူနေမှု၊ လုပ်ငန်းများဆောင်ရွက်ရန် သယ်ယူ ပို့ဆောင်ရေး ယာဉ်အချို့ ထပ်မံလိုအပ်မှု၊ အသွားအလာ ကန့်သတ်ရာနေရာများတွင် လိုက်နာရမည့်စည်းကမ်းများ ပြောကြားခြင်းနှင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေမှု၊ အသွားအလာကန့်သတ်ရာ နေရာများစီမံခန့်ခွဲမှု၊ လိုအပ်ချက်နှင့် အခက်အခဲများ၊ အသွားအလာကန့်သတ်ရာနေရာများတွင် လိုက်နာရမည့် စည်းကမ်းများအား ပိုစတာများ၊ ဆိုင်းဘုတ်များ တပ်ဆင်ထားရှိမှု၊ လက်ကမ်းစာစောင်များ ဖြန့်ဝေထားရှိမှုနှင့် လက်ကမ်းစာစောင်များ ထပ်မံလိုအပ်မှု၊ အဖွဲ့များအလိုက် တယ်လီဖုန်း၊ အီးမေးလ်နှင့် Viber တို့ကို အသုံးပြုကာ သတင်းအချက်အလက်များ မျှဝေဆောင်ရွက်နေမှုနှင့် ထိုသို့ဆောင်ရွက်ရန်အတွက် ကျသင့်သော တယ်လီဖုန်း/ အင်တာနက်ခများ ပံ့ပိုးပေးရန်လိုအပ်မှု။
အသွားအလာကန့်သတ်ရာနေရာများတွင် ရုတ်တရက်ရောဂါ လက္ခဏာပြလာ သူများအား အရေးပေါ်ကုသမှုပေးရန် အောက်ဆီဂျင်များ လိုအပ်မှု၊ Pulse Oximeter များနှင့် သွေးပေါင်ချိန်တိုင်းကိရိယာများ ထပ်မံလိုအပ်နေမှု၊ လုပ်ငန်းများတွင် ပရဟိတစေတနာရှင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်နေမှုနှင့် ၎င်းတို့အား ရောဂါကာကွယ်ရေး အသုံးအဆောင်များ ပံ့ပိုးပေးရန်လိုအပ်မှု၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို သိရှိကြသော်လည်း လိုက်နာဆောင်ရွက်ခြင်း အားနည်းနေမှု၊ အထွေထွေ ဆွေးနွေးချက်များ၊ အကြံပြုချက်များကို တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှ ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို စီစဉ်ဖြည့်ဆည်း ပေးကာ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးရာတွင် တင်ပြခဲ့သည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၏ လိုအပ်ချက်များကို အထူးဦးစားပေးကိစ္စ တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ များ၏ ပံ့ပိုးမှု၊ ကူညီဆောင်ရွက်မှုများ အထူး တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ အသွားအလာကန့်သတ်ရာနေရာများ၏ စီမံခန့်ခွဲမှုများသည် ပိုမိုတိုးတက် စနစ်ကျလာသည်ကို တွေ့ရှိရပြီး ယခုထက်ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် အသွားအလာကန့်သတ်ရာနေရာများတွင် ရှိနေသူများအနက် ရောဂါပိုး ရှိနေသူများပါဝင်ကာ အခြားသူများထံသို့ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ရောဂါကူးစက်စေနိုင်သဖြင့် အသွားအလာ ကန့်သတ်ရာနေရာများ စီမံခန့်ခွဲမှုများသည် အခြားသောဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သည့် လူစုလူဝေးနှင့် ယာယီစခန်းများကို စီမံခန့်ခွဲရသည်နှင့် မတူညီပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အမြဲဆန်းစစ်သုံးသပ်ကာ အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်ပြီး ဖြန့်ဝေလျက်ရှိပါကြောင်း၊ မြို့နယ်များမှ လုပ်ငန်းအစီရင်ခံစာများ ပေးပို့ရာတွင် ပါဝင်ရမည့်အချက်များကို ပိုမိုပီပြင်စေရန်နှင့် လိုအပ်သည့်အချက်များကို ရိုးရှင်းလွယ်ကူမြန်ဆန်စွာ ဖြည့်စွက်ပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်သို့ ရောက်ရှိလာသည့် အချက်အလက်များကို သုံးသပ်ပြီး လိုအပ်သည့် နည်းဗျူဟာများကို လိုအပ်သလိုချမှတ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းများ ဆောင်ရွက်နေသည့် မြို့နယ်အဆင့် တာဝန်ရှိသူများအား ဗဟိုမှ ပိုမိုအားဖြည့် ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်ပေးစက်များ ပိုမိုပံ့ပိုးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက ထပ်မံဝယ်ယူ မည်ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်၌ Rapid Antigen Diagnostic Test Kit အသုံးပြုစစ်ဆေးရန် အတွက် လုပ်ငန်းလမ်းညွှန်များ အမြန်ဆုံးဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ အသွားအလာ ကန့်သတ်ရာနေရာများနှင့် ဓာတ်ခွဲနမူနာ ရယူရာနေရာများတွင် အသုံးပြု ရန် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ၊ N95 mask များ အပါအဝင် ရောဂါကာကွယ်ရေး အသုံးအဆောင်များ ထပ်မံပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အသွားအလာကန့် သတ်ရာနေရာများတွင် ကူညီဆောင်ရွက်နေသည့် ပရဟိတစေတနာရှင်များအား ရောဂါကာကွယ်ရေး အသုံးအဆောင်များ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်ရာနေရာများတွင် အချက်အလက်များ လျင်မြန်စွာ ဖြည့်စွက်ပေးပို့နိုင်ရန်အတွက် ကွန်ပျူတာစနစ်ကို အသုံးချဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါရှိသူများအား အသွားအလာ ကန့်သတ်ရာနေရာများတွင် သီးခြားထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်ရာနေရာများတွင် လုပ်ငန်း ဆောင်ရွက်နေသူများသည် နေ့စဉ်လုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ လုပ်ငန်းများ ပိုမိုပီပြင်စေရေးဆောင်ရွက်ကြ စေလိုပါကြောင်း။
မိမိတို့၏ ကုသရေးဝန်ထမ်းများက တစ်ဖက်မှ ကိုဗစ်-၁၉ လူနာများကို ကုသမှုပေးနေသကဲ့သို့ ရောဂါကူးစက် ဖြစ်ပွားမှုများ နည်းပါးစေရန် ပြည်သူ့ကျန်းမာရေးဖက်မှလည်း အထူးပိုမိုအားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ ရောဂါအမျိုးမျိုး ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအား အမြဲအားထုတ်ဆောင်ရွက်နေသည့် အခြေခံ ကျန်းမာရေးပညာရှင်ဝန်ထမ်းများအား ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
သတင်းစဉ်


