နေပြည်တော်  ၂၇  ဇူလိုင်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ The Defeat-NCD Partnership အဖွဲ့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လာရောက်ဆွေးနွေးတင်ပြသည်။

 

ရှေးဦးစွာ The Defeat-NCD Partnership မှ Programme Coordinator for Myanmar ဖြစ်သူ Mr. Bhupinder Tomar က မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ မကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနခွဲနှင့် ပူးပေါင်းကာ ဆောင်ရွက်မည့် ကုန်ကျစရိတ်များပါ ထည့်သွင်းတွက်ချက်ထားသော မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစီမံကိန်း (၂၀၂၁-၂၀၂၂) (National Costed Action Plan for Prevention and Control of Non Communicable Diseases 2021-2022) နှင့် ပတ်သက်၍ လုပ်ငန်းစီမံကိန်း ပေါ်ထွက်လာရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်များ၊ နည်းဗျူဟာများ၊ သဘောတရားရေးရာမူဘောင်၊ လုပ်ငန်းဆောင်ရွက်မည့်ပုံစံ၊ မကူးစက်တတ်သော ရောဂါ အမျိုးအစားအလိုက် ရောဂါဖြစ်ပွားနိုင်ချေရှိ၊ မရှိစစ်ဆေးခြင်းနှင့် ရောဂါကုသမှုပေးခြင်းတို့အတွက် ခန့်မှန်းတွက်ချက် ကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် Mr. Bhupinder Tomar နှင့် Help Age International အဖွဲ့မှ Project Manager ဒေါက်တာကေခိုင်လင်း တို့က The Defeat-NCD Partnership အဖွဲ့ နှင့် Help Age International အဖွဲ့တို့ ပူးပေါင်းရေးဆွဲထားသော World Diabetes Foundation သို့တင်သွင်းမည့် စီမံကိန်း အဆိုပြုလွှာနှင့်ပတ်သက်၍ စီမံကိန်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းများ၊ မျှော်မှန်းရလဒ်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှင့် သေဆုံးမှုများပြားသော မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိပါက နောင်(၅) နှစ်တာကာလအတွင်းတွင်ပင် မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုသည် ထိန်းချုပ်ရန်ခက်ခဲသော ပြည်သူ့ကျန်းမာရေးပြဿနာကြီး ဖြစ်လာနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုက်နယ်ဆေးရုံ (၁၆) ခု၊ ဒေသန္တရကျန်းမာရေးဌာန (၁၄၄) ခု၊ မိခင်ကလေး ကျန်းမာရေးဌာန (၂၇၈) ခု၊ ကျေးလက်ကျန်းမာရေးဌာန (၁,၇၁၅)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၇,၃၁၇)နှင့် နယ်စပ်ဆေးပေးခန်း (၁၆) ခုတို့တွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ကုသမှုပေးသည့်ဆေးခန်းများ အပတ်စဉ်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဆေးခန်းများဖွင့်လှစ်ခြင်းဖြင့် မိမိတို့နိုင်ငံတွင် မကူးစက် တတ်သောရောဂါများ ဖြစ်ပွားမှုအခြေအနေများကို ပိုမိုသိရှိလာပြီးဖြစ်ကာ ရောဂါဖြစ်ပွားသူများကိုလည်း စောစီးစွာ ရှာဖွေဖော်ထုတ်ကုသမှု ပေးနိုင်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆေးခန်းများကို လာမည့် ဘဏ္ဍာနှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့်အပြင် ဆေးဝါးများကိုလည်း ပိုမိုဝယ်ယူဖြန့်ဖြူးမည် ဖြစ်ပါကြောင်း၊ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများအနက် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်စားသောက်မှု ပုံစံများကြောင့် ဖြစ်ပွားမှုပါဝင်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား ကျန်းမာရေးအသိပညာပေးမှုများကို ဘက်စုံမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတင်ပြလာသော The Defeat-NCD Partnership အဖွဲ့နှင့် ပူးပေါင်းပြုလုပ်မည့် လုပ်ငန်းစီမံကိန်းတွင် အဆိုပါ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ ပါဝင်သည်မှာကောင်းမွန်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းတွင်ပါဝင်သော လုပ်ငန်းပေါင်း (၄၉)ခုမှ အရေးကြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဦးစားပေးစနစ်ဖြင့် ရွေးချယ်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မကူးစက် တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးစီမံကိန်းကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ရာ၌ ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ ပါဝင်ဆောင်ရွက်စေရမည် ဖြစ်ပါကြောင်း၊ ဤစီမံကိန်း လုပ်ငန်းများကို စတင်ဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ် ဆန်းစစ်မှုများပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ထားရှိ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မကူးစက်) ဒေါက်တာ ကျော်ကံကောင်းတို့က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့သည်။

 

သတင်းစဉ်

 DSC_0461