နေပြည်တော် မတ် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၂၀၂၃ နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့အားပေးကြည့်ရှုရာတွင် နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးများက စာစစ်ဌာနများ အလိုက် ဆောင်ရွက် ထားရှိမှု၊ တက္ကသိုလ်ဝင်စာစစ်ဌာန များဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲကျင်းပစဉ် ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန် ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း(၃၉)ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၇၁၁၈)ဦးစာရင်းပေးသွင်းကြပြီး သင်္ချာဘာသာ ရပ်ကို(၆၄၂၀) ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။
တက္ကသိုလ်၀င်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန(၈၅၈)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၅)ခု၊ စာစစ်ဌာန စုစုပေါင်း(၈၆၃)ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၁၇၉၈၄၃)ဦး စာရင်းပေးသွင်းကြပြီး (၁၆၁၆၃၃)ဦး ၀င်ရောက် ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့်(၈၉ဒသမ၈၇)ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်