နေပြည်တော် ဖေဖော်ဝါရီ ၃

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဥ္စမတန်း (Grade-5) နှင့် အခြေခံပညာ အလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲများ နီးကပ်လာပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ် လူတော်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ တပည့်ကျောင်းသား ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်အောင် စေတနာအပြည့်ထား၍ သင်ကြားပေးကြစေလိုပါကြောင်း တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်အလိုက် မှတ်တမ်းတို Documentary ပြုစုရေး၊ အဝေးသင်ပညာရေး မြှင့်တင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာရေးအဆင့်ကတည်းက အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရေး၊ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ဆရာ ဆရာမများ အရည်အသွေး မြင့်မားအောင် လေ့ကျင့်ပေးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အဆင့်မြင့်ပညာရေးကဏ္ဍဆိုင်ရာ၊ အခြေခံပညာရေးကဏ္ဍဆိုင်ရာနှင့် ဆရာအတတ်ပညာရေးဆိုင်ရာ ကဏ္ဍများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်