ရန်ကုန် မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေ ဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအား‌ပေးစကား ပြောကြားသည်။ 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စာ‌မေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ရည်မှန်းထားသည့် ရည်မှန်းချက်များအတိုင်း ဖြစ်လာစေရန် ပညာသင်နှစ်အတွင်း ကြိုးစားကျက်မှတ်လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို ကြိုးစားဖြေဆိုကြစေလိုကြောင်း အားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများသည် စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် တာမွေမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများရှိ စာ‌စစ်ဌာနများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်‌ပေးသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာစင်တာ (Center for Research and Innovation) ရှိ Innovative Biophysics Lab နှင့် Molecular Lab ခန်းများတွင် အသုံးပြုလျက်ရှိသည့် သုတေသန ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းများတွင် ဆောင်ရွက်နေသည့် သုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်း‌နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်မှူးချုပ်တာဝန်ယူဆောင်ရွက်ကြသည့် တက္ကသိုလ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်