နေပြည်တော် မတ် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိ မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်း သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်နှစ် တစ်နှစ်တာကာလအတွင်း လေ့လာသင်ယူကျက်မှတ်ခဲ့သည်များကို မိမိတို့ရည်မှန်းထားသည့်အတိုင်း အကောင်းဆုံးကြိုးစားဖြေဆိုကြရန် အားပေးစကားပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆို နေမှုကိုလိုက်လံကြည့်ရှုအားပေး၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်