နေပြည်တော် ဇွန် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်းခွဲ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ ဆရာမများ စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ဆောင်ရွက်နေမှုများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အလက-၃) နှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတို့၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုနှင့် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခု၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ စုစုပေါင်း ၁၂၅၃၁ ဦးရှိပြီး ဖြေဆိုသူ ၁၂၄၀၆ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၀၀ ရာခိုင်နှုန်းဖြေဆို ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒ ဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်ကို နေပြည်တော် ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ၂၉ ခရိုင်၊ ၅၈ မြို့နယ်တို့တွင် စာစစ်ဌာန စုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ ၆၃၆၇၃ ဦးရှိပြီး ဖြေဆိုသူ ၆၂၇၈၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်