နေပြည်တော် မေ ၂၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေး ပြီး ကျောင်းဖွင့်ချိန်အမီဆောင်ရွက်နေသည့် ယာယီစာသင်ဆောင်များ၊ ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ မီးရထားရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်းခွဲ၊ (ရွာထောင်)အခြေခံပညာအလယ်တန်း ကျောင်းခွဲ၊ (ချင်းစု) အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် အမှတ်(၁)၏ အခြေခံပညာအထက် တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေကြသည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ကျောင်းဖွင့်ချိန်အမီ ယာယီစာသင်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှု၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ အနုပညာ၊ ကာယပညာနှင့် စာကြည့်တိုက်အပါဝင် ဘာသာရပ်အလိုက် စာသင်ချိန်သတ်မှတ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်တို့သို့ သွားရောက်၍ ဆရာ ဆရာမ ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအခြေအနေ၊ ကျောင်းဖွင့်ချိန်မီ သင်ကြား၊ သင်ယူမှုအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(အမှတ်၂၇) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ မန္တလေးပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောအခြေခံပညာအထက် တန်းကျောင်းများသို့သွားရောက်၍ ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးကာ လိုအပ်သည်များကို ဖြည်းဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်