ရန်ကုန် ဇူလိုင် ၁‌၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၀င်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက တက္ကသိုလ်များ၏ စာကြည့်တိုက်များနှင့် ဘာသာရပ်ဆိုင်ရာ ဌာနများအတွက် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများရရှိစေမည့် စာအုပ် စာတမ်းများနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို နှစ်စဉ်ပိုမိုဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ သင်‌ထောက်ကူပစ္စည်းများ၊ သုတေသနသုံး ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ပတ်၀န်းကျင်ကောင်းဖြစ်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ သာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိ‌စေရန်အတွက် စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေကြရန် လိုအပ်ကြောင်း၊ စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သသင်ကြားပေးစေလိုကြောင်း၊ ထို့ပြင်မိမိတို့၏ ကျောင်းသား ကျောင်းသူများကို လိမ်မာယဉ်ကျေးပြီး နိုင်ငံ‌တော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိစေရေး၊ ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်‌စေရေး၊ ဂါရဝတရား၊ နိဝါတတရားရှိပြီး စိတ်ကောင်းရှိ‌စေရေးနှင့် ကိုယ်ချင်းစာစိတ်များ ရှိလာ‌စေ‌ရေးတို့ကို အလေးအနက်ထား သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ၀တ်စားဆင်ယင်မှုများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်စေရန် ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကြိုးကြာကွင်းကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၊ မာလာကွင်းကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်း၊ ရေကြည်မြို့နယ် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အနောက်ဖက်ကမ်း အခြေခံပညာမူလတန်းကျောင်း၊ သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်း‌‌ကျောင်း၊ ၀က်ရုပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့သို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ရေကြည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ‌တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများ၌ စာသင်ဆောင်များ လုံလောက်မှုရှိ‌စေရေး၊ ရေသန့်စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် သန့်စင်ခန်းများ လုံလောက်မှုရှိ‌စေရေး၊ ကျောင်းပတ်၀န်းကျင် လုံခြုံ‌စေရန် ခြံစည်းရိုးများ စနစ်တကျ ကာရံ‌ရေးတို့ကို မှာကြားပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်း‌ကျောင်း (ရေတံခွန်) ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။
ထို့နောက် ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းကုန်းမြို့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်‌ယူနေကြသည့် ကျောင်းသား‌ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်