ရန်ကုန် ဇူလိုင် ၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာ ‌‌အ‌ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရ ှုအားပေးသည်။ 

 

ထို့နောက် ပြည်‌ထောင်စု၀န်ကြီးနှင့် တိုင်းဒေသကြီး၀န်ကြီးချုပ်တို့က ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပေးအပ်သည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အကယ်ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျာင်း(ခွဲ)၊ ပန်းတနော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက် ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ပုသိမ်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်၀န်းကျင် စိမ်းလန်းစို‌ပြေရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု၍ အားပေး စကား‌ပြောကြား သည်။ 

 

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့်တာ၀န်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်း ကျောင်းများသို့သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး၊ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေး တို့အတွက် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)