နေပြည်တော် ဧပြီ ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းခန်းမတွင် ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍  ပညာရေး ဒီဂရီကောလိပ် ဆရာဆရာမများအနေဖြင့်   ဆရာဆရာမလောင်းလျာ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား တတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင်  သင်ကြား ပေးစေလိုပါကြောင်း၊ သို့မှသာ ပညာရေး ဒီဂရီကောလိပ်များက သင်ကြားပေးလိုက်သည့် ဆရာဆရာမများက ကျောင်းသားကျောင်းသူ လူငယ်များကို နိုင်ငံတော်က အားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တပည့်များကို မိမိတို့ထက်တော်သော ထူးချွန်သောသူများ ဖြစ်စေရန် မိမိတို့တတ်ကျွမ်းသည့် အသိပညာ အတတ်ပညာများကို ဆရာစားမချန်ဘဲ သင်ကြားပို့ချပေးစေလိုပါကြောင်း၊ စာသင်ကောင်းသည့် ဆရာဆရာမများဖြစ်ရန် စာပေဗဟုတများကိုလည်း အမြဲမပြတ် လေ့လာရန် လိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအတွင်း သန့်ရှင်းသပ်ရပ် ကောင်းမွန်သော ကျောင်းဥပဓိရုပ်နှင့် ပြည့်စုံရန် ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် မိမိတို့ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ပညာရေး မိသားစုအချင်းချင်း ကိုယ်ချင်းစာတရား ထားရှိဆက်ဆံကာ အောင်မြင်အောင်လက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ပညာရေး ဒီဂရီကောလိပ်၏ သင်ကြားရေးရာ၊ စီမံရေးရာ ကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလို ပါကြောင်း၊ လာမည့် မေလ (၁၂) ရက်တွင် ပညာရေးဒီဂရီကောလိပ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆရာဆရာမများအားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းလက်တွဲ ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်း၊  အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်