နေပြည်တော်၊ စက်တင်ဘာ ၂၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် အစည်းအဝေးခန်းမ၌ မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးပညာ ရေးမှူးတို့နှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး အလေးထား ဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးကြရန်နှင့် တက္ကသိုလ်သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန်တို့ကိုမှာကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းသားများ အေးချမ်းစွာပညာသင်ယူနိုင်ရေး၊ စာသင်ခန်း၊ စာသင်ခုံနှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်မှု ရှိစေရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်