နေပြည်တော် ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန် နှစ်ခန်းတွဲ Basha အဆောက်အအုံများ ဆောက်လုပ်မည့်မြေနေရာသို့ သွားရောက်၍ မြေညှိရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံလောက်သော လမ်းအကျယ်ဖောက်လုပ်ရေး၊ နေအိမ်များ ခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင် ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေး၊ မိုးလေမကျမီ အမြန်ဆုံးဆောက်လုပ်၍ မေလအတွင်း အမြန်ပြီးစီးရေး၊ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်သည့်အခါ လျှပ်စစ်မီးရရှိရေး၊ သောက်ရေသုံးရေများ ရရှိရေးဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပျက်စီးမှုများကို ကျောင်းဖွင့်အမီပြီးစီးအောင် ပြင်ဆင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ဆရာ ဆရာမများအနေဖြင့် မိုးကြိုကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြရန်နှင့်သင်္ကြန် ရုံးပိတ်ရက်ကာလ ပြီးစီး၍ ရုံးများပြန်လည်ဖွင့်လှစ်ချိန်တွင် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း မှာကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူများအား အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်