နေပြည်တော် မတ် ၁၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းက Naypyitaw State Academy သို့ရောက်ရှိပြီး ကျောင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်နေဆဲ စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ၏ စာဖြေခန်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ တတိယနှစ်၊စတုတ္ထနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်း သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများ နှင့်သက်ဆိုင်ရာတာဝန်ရှိသူများကို စာမေးပွဲဖြေဆိုကြသည့်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်နှစ်တစ်နှစ်‌ အောင်မြင် စွာပြီးဆုံးရေးသည် အလွန်အရေးကြီး ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုစဉ် မကျန်းမမာဖြစ်ပါက ကျန်းမာရေးဝန်ကြီးဌာန မှစေလွှတ်ထားသော ဆေးကုသရေး အဖွဲ့က ကူညီစောင့်ရှောက်ပေးမည်ဖြစ်ပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ  အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း မှာကြားကာ ကျောင်းတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)