နေပြည်တော်၊ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် Naypyitaw State Academy ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး တက္ကသိုလ်ပါမောက္ခချုပ်များနှင့်ဆရာ ဆရာမများအားလုံး ညီညီညွတ်ညွတ်ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် သုတေသန စာတမ်းဖတ်ပွဲများ၊ တက္ကသိုလ်အလိုက် ပြသမည့်သုတေသနပိုစတာများ၊ သုတေသနပြခန်း၊ ပြကွက်များ ပြသဆောင်ရွက်မည်ဖြစ်ရာ မိမိတို့တက္ကသိုလ်အလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ညီလာခံသို့ရောက်ရှိလာကြမည့်သူများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ စသည့် ကိစ္စရပ်များ အဆင်ပြေချော မွေ့စေရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းသည် တက္ကသိုလ်၏အသက်သွေးကြော ဖြစ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေ သနညီလာခံဖွင့်ပွဲ မှစ၍ လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် အသေးစိတ်ပြင်ဆင်ဆောင်ရွက် ကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သုတေသနညီလာခံတွင်ပြသမည့် သုတေသန ပိုစတာများ ရွေးချယ်ထားမှုနှင့် စာတမ်းဖတ်ကြားရန် ပြင်ဆင်ထားမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းထွန်းက ကြိုတင်ပြင်ဆင် ဆောင်ရမည့်လုပ်ငန်းများကို တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် တက္ကသိုလ်ပါမောက္ခချုပ်များက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပြခန်းများ၌ ပြသမည့်အကြောင်းအရာများ၊ သုတေသနစာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ်ပါမောက္ခချုပ်များသည် တက္ကသိုလ်များ အလိုက် ပြသမည့်သုတေသနပိုစတာများ၊ သုတေသနပြကွက်များ၊ သုတေသန ပြခန်းများအတွက် လျာထားသည့်နေရာများနှင့် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပမည့်အခန်းများကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)