နေပြည်တော် စက်တင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သူဌေးကုန်း(ကျား)နှင့် အခြေခံပညာအလယ်တန်းကျောင်း(နောင်သင်ခါ)များ၌ ကျောင်းအုတ်တံ တိုင်းပြိုကျနေမှု၊ စာသင်ခန်းများအတွင်း ရေဝင်ရောက်မှု၊ စာသင်ဆောင်နှင့် ကျောင်းအတွင်း ရွှံ့နွံများ၊ အမှိုက်များဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သန့်ရှင်းပြီးသော စာသင်ခန်းများအတွင်း စာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေဘေးဒဏ်ခံစားခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ရွာသစ်)၌ ကျောင်းဝန်း၊ ကျောင်းဆောင်၊ စာသင်ခန်းများအတွင်း ရေများဝင်ရောက်နေမှု၊ ကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီးနေမှု၊ နုန်းမြေများနှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ပိန်းတော)၌ ပြိုကျပျက်စီးနေသော ကျောင်းအုတ်တံတိုင်းများ၊ ကျောင်းဆောင်များ၊ စာသင်ခုံများ၊ စားပွဲများ၊ Whiteboard များ ပျက်စီးနေမှု၊ ရေသန့်စက်၊ ရေမော်တာနှင့် သန့်စင်ခန်းများတွင် နုန်းများဖုံးအုပ်နေမှုနှင့် ကျောင်းအတွင်း မီးလိုင်းပြတ်တောက်မှု အခြေအနေများကို လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ လုပ်အားပေးဆောင်ရွက်နေသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


