နေပြည်တော်၊ စက်တင်ဘာ ၂၂

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

 

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (တံတားဦး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေဘေးဒဏ်ကြောင့် စာသင်ခန်းအတွင်း ရေဝင်ရောက်မှု၊ စာသင်ဆောင်နှင့် ကျောင်းအတွင်းရွှံ့နွံများ၊ အမှိုက်များ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများကို အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကျောက်ချက်) သို့ သွားရောက်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောင်းအုတ်တံတိုင်း၊ ကျောင်းဆောင်၊ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ ပြန်လည်ပြုပြင်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အစားထိုး အချိန်ပိုသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

 

 

 

ယင်းနောက် ဇေယျာသီရိမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (အိုင်စောက်)၊ ပျဉ်းမနား မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သကြားစက်)၊ အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်သာ) သို့ သွားရောက်ကာ ရေဝင်ရောက်မှုကြောင့် ကျောင်းအုတ်တံတိုင်း၊ ကျောင်းဆောင်၊ စာသင်ဆောင် ပျက်စီးမှုများအပေါ် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သင်ကြားရေးလုပ်ငန်းများ ပြန်လည်စတင် နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်