ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် ‌ကျောက်ဖြူမြို့ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

ကျောက်ဖြူ ဇန်နဝါရီ ၂၄

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင်   ကျောက်ဖြူမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမတွင် ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ ကျောက်ဖြူမြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ဆင်းရဲ၊ ချမ်းသာ ခွဲခြားဆက်ဆံမှုမရှိဘဲ စေတနာအပြည့်ဖြင့် ကျောင်းသားများကို အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်စေရန် လေ့ကျင့် သင်ကြားပေးစေလိုပါကြောင်း၊  မိမိတို့ကျောင်းအလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးတို့ပူးပေါင်းကာ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြား၍ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ အဆောက်အဦ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ စာသင်ကျောင်းများတွင် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် အဝီစိတွင်း၊ ရေစင်၊ ရေသန့်စက်များကို ကျောင်းများတွင် တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေးသည့် ကျောင်းများတွင် ဆိုလာစနစ်ဖြင့် ရေစက်တပ်ဆင်နိုင် ရေးဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများ လိုအပ်ချက်၊ ဘောလုံးကွင်းနှင့် အားကစားရုံလိုအပ်ချက်၊ ခြံစည်းရိုးလိုအပ်ချက်၊  စာသင်ဆောင်၊ စာသင်ခန်း၊ စာရေးခုံ၊ ကွန်ပျူတာ၊ သင်ထောက်ကူပစ္စည်းစသည့် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူ ပညာရေး ဒီဂရီကောလိပ်၌ အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ များစွာမွေးထုတ်ပေးရန်  နိုင်ငံတော် အကြီးအကဲမှ လမ်းညွှန်မှာကြားလေ့ရှိပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်များသည် မိမိတို့နိုင်ငံအတွက် ထူးချွန်ထက်မြတ်သည့် ကျောင်းသားကျောင်းသူများကို လေ့ကျင့် မွေးထုတ်ပေးမည့် ဆရာဆရာမကောင်းများ လေ့ကျင့်ပျိုးထောင်ပေးသည့် ကျောင်းကြီးများဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူကြရန်နှင့် မိမိတို့သင်ကြားရေး တာဝန်ယူ ဆောင်ရွက်ရာတွင်လည်း စေတနာအပြည့်ဖြင့် အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်စေရန် သင်ကြားပေးကြစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက်   ပညာရေး ဒီဂရီကောလိပ် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် အိပ်ဆောင်၊ စာသင်ဆောင်နှင့် သင်ကြားသင်ယူမှုအတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ လေ့ကျင့်ရေးအလယ် တန်းကျောင်း၊          အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တောင်ရင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်း ကုလားဘာတောင် (မြို့) နှင့် အခြေခံပညာအလယ်တန်းကျောင်း (ငလပွေ့ရပ်ကွက်) များသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn