စစ်တွေ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ စာကြည့်တိုက်နှင့် သိပ္ပံခန်းများသို့ သွားရောက် ကြည့်ရှုပြီး လက်တွေ့ခန်းသုံးပစ္စည်းများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် အဆိုပါကျောင်းခန်းမ၌ သံတွဲမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာတွင်လည်းကောင်း ခွဲခြား ဆက်ဆံခြင်းမပြုဘဲ မေတ္တာရှေ့ထား၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကင်းဝေးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ သင်ကြား သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာတတ်ရန် တစ်ခုတည်းသာ အဓိကမထားဘဲ စာကြိုးစား၍ လိမ္မာရေးခြားရှိသူများဖြစ်ရန် သင်ကြားလေ့ကျင့်စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေး၍ နိုင်ငံတော်ကအားထားရသည့် ပညာတတ် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင်မွေးထုတ် ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းများအတွက် လိုအပ်သည့် ရေသန့်စက်၊ ရေစင်များ၊ လျှပ်စစ်မီး မရှိသည့် ကျောင်းများ အတွက် ဆိုလာစနစ်သုံး ရေတင်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)