နေပြည်တော် အောက်တိုဘာ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် တာ၀န်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ကလောမြို့နယ် အမှတ်(၁) အခြေခံပညာကျောင်းသို့ရောက်ရှိပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ အစားထိုးနှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးအကဲဖြတ်သည့် စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အမှတ်(၇) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အင်းခေါင်း) နှင့် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တို့သို့ သွား ရောက်ပြီး မြို့နယ်အဆင့် တာဝန်ရှိသူ များ၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကလောမြို့နယ်ရှိကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားသင်ယူမှု အခြေအနေများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ နှင့်စပ်လျည်း၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ရှမ်းပြည်နယ်တောင်ပိုင်း (တောင်ကြီး)မှ ပညာရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၆) ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ ဆရာမများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ထို့ပြင်တာဝန်ကျရာ ဒေသအသီးသီးက စာသင်ကျောင်းများတွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေ ရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာ တတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားစေရေးသာမက ဉာဏ်ပညာနှင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုင်း အဝိုင်းဖြစ်ပေါ်လာစေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဆရာ ဆရာမ များအနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားကာ ကျောင်းအလိုက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အခြေခံပညာအလယ်တန်းကျောင်း ဘုရားဖြူ(မြောက်)နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ဆရာဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ကာ ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


