ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဒီဇင်ဘာ ၇

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပညာရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယ‌နေ့ ပညာရေးအားနည်းနေမှုကို ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ဆရာ/ ဆရာမများနှင့် အခြေခံပညာမှဆရာ/ဆရာမများ ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် ပညာ‌ရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာရေးနိမ့်ကျလျှင် ဘက်စုံနိမ့်ကျမည်ဖြစ်ပြီး အလွတ်ကျက်မှတ်သည့် စနစ်ကို ပပျောက်စေရန်နှင့် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ အရည်အချင်း မြင့်မားအောင် မိမိတို့ကိုယ်တိုင် စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ တော်သော၊ စာသင်ကောင်းသော ဆရာ/ ဆရာမများ ဖြစ်ရန်အတွက် ကိုယ်တိုင် လေ့လာသင်ယူကာ မိမိသင်ပြသော ဘာသာရပ်ကို အမှန်တကယ် တတ်ကျွမ်းရ မည်ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုတည်းကိုသာ လေ့လာနေရုံသာမက ဆက်စပ်နေသည့် ဘာသာရပ်များကိုလည်း လေ့လာရန်လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများသည် မိမိသင်ကြားနေသည့်တပည့်များအား အမှန်တကယ်တော်သော၊ တတ် မြောက် သောအသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် စေတနာထား၍သင်ကြား ပေးကြ ရန်လိုအပ်ကြောင်း။

 

ပညာရေးဝန်ကြီးဌာနသည် ပညာတတ်များ အများဆုံးရှိသည့် နေရာဖြစ်သည့်အတွက် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ သုတေသနနှင့်စပ်လျဉ်း၍ သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့်အတွက် သုတေသန ဆောင်ရွက်ရေး၊ သင်ကြားရေး၊ အရည်အချင်း မြှင့်တင်ရေးအတွက် ဘာသာရပ်ဌာနများ၏ စာကြည့်တိုက်များအတွက် ဘာသာရပ် ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ဌာနများအတွက် ရေသန့်စက်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများတစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြင့် ညီညွတ်စွာတာဝန် ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း‌ ပြောကြားပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများက လိုအပ်သည်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်္ကန်းကျွန်းမြို့နယ် သင်္ကန်းကျွန်း ပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိ၍ ဆရာ/ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ အမှာစကား ပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက လိုအပ်သည်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး သင်တန်းသား သင်တန်းသူ ဆရာ / ဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လသာမြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း ကျောင်းသားကျောင်းသူများ စိုက်ပျိုး ထားသော ပရဆေးပျိုးဥယျာဉ်နှင့် ပန်းအလှပင်များကိုလည်းကောင်း၊ ဘာသာစကား သင်ကြားရေး Language Lab အခန်းတွင် Grade-9 ကျောင်းသားကျောင်းသူများ၏ သင်ကြား သင်ယူ နေမှုများကိုလည်းကောင်း၊ စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှု တို့ကိုလည်းကောင်း လှည့်လည် ကြည့်ရှုပြီး Language Lab အသစ်လဲလှယ် တပ်ဆင်ရေး၊ စာအုပ်ဘီဒိုနှင့် စာအုပ်များဖြည့်တင်းရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

 

အလားတူ ဒဂုံမြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းနှင့် တာမွေမြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ စာသင်ယူနေမှုများကို ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်