ရန်ကုန် ဇန်နဝါရီ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိ နားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။

ထို့နောက် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများအနေဖြင့် ဘာသာရပ်တစ်ခုချင်းစီကို လွှဲပြောင်းတာ၀န်ယူမည့်သူများအား အရည်အချင်းရှိသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးရန် လိုအပ်ကြောင်း ပြောကြားပြီး  ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို ညှိနှိုင်းဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) စာသင်ခန်း၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)သို့သွားရောက်ကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်  Learning Hub ခန်းမ၌ ပထမနှစ်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာပြီး ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများဖြစ်လာပါက စေတနာကိုအရင်းခံ‌ပြီး မိမိတို့၏ တပည့်များအပေါ် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးနိုင်သော မြင့်မြတ်သည့် ဆရာများဖြစ်အောင် ကြိုးစားကြရန်နှင့် ကျောင်းသင်ခန်း စာများအပြင် ကိုယ်ကျင့်တရား အကျင့်စာရိတ္တကောင်းမွန်‌ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး ဆရာမိဘအပေါ် ဂါရ၀တရားရှိသူများ ဖြစ်လာအောင် သင်ကြားပေးကြရန် ပြောကြားခဲ့‌ကြောင်း သိရသည်။

သတင်းစဉ်