ရန်ကုန် ဧပြီ ၂၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်း တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဘွဲ့ စာပေးစာယူ အမှတ်စဉ် (၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ် (၃၈)ပထမနှစ် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမတို့၏ ဘဝရှေ့‌ရေးတက်လမ်းအတွက် ကြိုးစားကြစေလိုကြောင်း၊ ပညာ‌ရေးဘွဲ့ စာပေးစာယူသင်တန်းများကို ပညာရေးဘွဲ့မရရှိသေးသည့် ဆရာ ဆရာမများအတွက် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်များတွင်သာမက ပညာရေး ဒီဂရီကောလိပ် (၂၅)ခုတွင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် B.Ed ဘွဲ့မရရှိသေးသည့် ဆရာ ဆရာမအများအပြားရှိပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဘွဲ့မရရှိ သေးသည့် ဆရာ ဆရာမများအနေဖြင့် ပညာရေးဘွဲ့ရရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဖွင့်လှစ်အ‌ကောင်အထည်‌ဖော် ဆောင်ရွက်သည့်အတွက် နှစ်အနည်းငယ်အတွင်း ပညာရေးဘွဲ့ကို သင်တန်းသား သင်တန်းသူအားလုံး ရရှိနိုင်မည်ဖြစ်ကြောင်း။

 

နွေရာသီတွင် သင်တန်းဖွင့်လှစ်သည့်ကာလ တိုတောင်းသော်လည်း မိမိတို့၏ ဘဝရည်မှန်းချက်များအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘွဲ့ရရှိပြီးသည့်အပြင် မိမိတို့၏ဘာသာရပ်ဆိုင်ရာများကိုပါ ထူးချွန် ကျွမ်းကျင်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မေ ၂၆ ရက်တွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကိုစတင်မည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ် မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ပရဟိတသမားများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားရာတွင် အဆင့်အတန်း ခွဲခြားဆက်ဆံခြင်းများမပြုလုပ်ပဲ တန်းတူညီမျှ သင်ကြားပေးကြရ မည်ဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစာပေးစာယူ သင်တန်းအမှတ်စဉ်(၃၈) ပထမနှစ်နှင့် သင်တန်း အမှတ်စဉ်(၃၇) ဒုတိယနှစ် သင်တန်းများကို ဧပြီ ၁၉ ရက်မှ မေ ၂ ရက်အထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)