ရန်ကုန် ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်ဌာန(၂၁)ခုရှိရာ ဌာနတစ်ခုချင်းစီ၏ စာကြည့်တိုက်များတွင် စာအုပ်များဖြည့်ဆည်းပေးရန် ဘတ်ဂျက်နှင့် ဘီရို၊ စာအုပ်စင်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ခွင့်ပြုငွေကို ကျော်လွန်သုံးစွဲရန် လိုအပ်ပါက တာဝန်ရှိသူများမှတစ်ဆင့် တင်ပြကြစေလိုကြောင်း၊ အလားတူ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့အတွက်လည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဇန်နဝါရီလတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားတက္ကသိုလ်များနှင့် ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU)များကို တက္ကသိုလ်များအနေဖြင့် လွတ်လပ်စွာ လက်မှတ်ရေးထိုးခွင့် ပြုထားပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသည် စံပြထိပ်တန်း တက္ကသိုလ်များဖြစ်အောင် ဦးတည်ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြင့် ကျောင်းသား ကျောင်းသူများအပေါ် စေတနာထားပြီး သင်ကြားပေးကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အပြန်အလှန် လေးစားတန်ဖိုးထားဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်အလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာဌာနအလိုက် တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများက ဘာသာရပ်ဌာနတစ်ခုချင်းအလိုက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ပြန်လည်ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကျောင်းဆောင်များ သေသပ်စွာဆေးသုတ်နိုင်ရေးမှာကြားခဲ့ပြီး သိပ္ပံလက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်၊ ဆရာများနားနေဆောင်၊ ရေသန့်စက်၊ လက်ဆေးဘေစင် လိုအပ်ချက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများက တင်ပြသည့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များအသစ် ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ ဆေးသုတ်ရေးလုပ်ငန်းများ၊ လက်တွေ့ခန်းလိုအပ်ချက်၊ ဘောလုံးကွင်းနှင့် အားကစားရုံ လိုအပ်ချက်များ၊ အားကစားမှူး လိုအပ်ချက်များ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းခန့်အပ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)