နေပြည်တော် အောက်တိုဘာ ၂၉

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်  တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာ ရပ်စာမေးပွဲများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပထမဦးဆုံး KG + 12  စနစ်သစ်သင်ရိုးဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်၍ တက္ကသိုလ်သို့ ပထမနှစ် ရောက်ရှိလာမည့် ကျောင်းသား ကျောင်းသူများကို ယခုထက် ပို၍ ထူးချွန်ထက်မြက်အောင်၊ နိုင်ငံတော်က အားကိုးအားထားပြုရမည့်သူ၊ အမှန်တကယ် ကျွမ်းကျင် တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချရန်လိုကြောင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သင်ကြား ရေးအတွက် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများ လိုအပ်ချက်များရှိပါက စာရင်းများ ပြုစု၍ ကြိုတင်တင်ပြပေးကြရန်လိုကြောင်း ပြောကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်ကြီးပညာရေး ဒီဂရီကောလိပ်၌ သင်တန်းတက်ရောက်လျက်ရှိသော အခြေခံပညာ ကျောင်းများမှ ဆရာဆရာမများနှင့်တွေ့ဆုံကာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့ပြင် ညောင်ရွှေမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံ ပညာအထက် တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၊ ရွှေညောင်မြို့မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)